CHID Bank တွင် သတ်မှတ်ပမာဏပြည့်မီစွာ စုဆောင်းထားရှိသူများ အောင်မြင့်မိုရ်အိမ်ရာအခန်းကို အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ဟုဆို


(ပြည်တွင်း) ဧပြီ ၁၂

CHID Bank ၏ အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ပမာဏပြည့်မီအောင် စုဆောင်းထားရှိသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာရှိ အခန်း ၁၀၄ ခန်းကို အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း အဆိုပါဘဏ်က အသိပေးထားသည်။

ထိုသို့ဝယ်ယူရန်အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing” Facebook Page Messenger တွင် အဆိုပြုစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အိမ်ရာစုဆောင်း ငွေစာရင်းတွင် သတ်မှတ်ပမာဏ ပြည့်မီစွာ စုဆောင်းထားရှိသူများအား ပြည့်မီသည့်ရက်စွဲအလိုက် တန်းစီဇယားအမှတ်စဉ်(Seniority List)ကို “DUHD Sale Housing” Facebook Page တွင် ပူးတွဲဖော်ပြထားကာ ရောင်းချမည့်အိမ်ရာ၏ အချက်အလက်များနှင့် စာရင်းပေးသွင်းရမည့်အစီအစဉ်ကိုလည်း အဆိုပါ Facebook Page တွင် ဖော်ပြထားသည်။ အခန်းဝယ်ယူလိုကြောင်း အဆိုပြုစာရင်းပေးသွင်းပြီးပါက တန်းစီဇယားအမှတ်စဉ်အလိုက် ဝယ်ယူခွင့်ရရှိသူများ ၏စာရင်းကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြန်လည်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စာရင်းပေးသွင်းရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဖုန်း ၀၆၇-၃၄၀၇၅၂၇၊ ၀၉-၇၉၅၈၂၄၇၂၂ နှင့် CHID Bank ၏ ဖုန်း ၀၁-၈၃၇၀၁၂၄၊ ၀၁-၈၃၇၀၁၂၅ နှင့် Call Center ဖုန်း ၀၉-၄၀၁၀၁၀၈၁၀၊ ၀၉-၄၀၁၀၁၀၈၂၀ တို့ကို ရုံးချိန်အတွင်းဆက်သွယ် မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21615

PAN