အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး နှင့် မြန်မာနိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိဟုဆို

(ပြည်တွင်း) ဧပြီ ၂

မြန်မာ – တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာ နိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နှင်လွှဲပြောင်းပေးခဲ့ရာ ၃၀၀ ဦးကို ၂၉-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၃၀ ဦးကို ၃၀-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၂၂ ဦး ကို ၃၁-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း မူဆယ်မြို့ ၊ မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ တွင် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးတိုက်ဖျက်ရန် အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

#PAN