၃၂ ရက်ကြာ အစွမ်းကုန် သောင်းကျန်းသူချေမှုန်းရေးကြောင့် ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု နစကကြေညာ

(ပြည်တွင်း) မတ် ၃၀

ဆီဆိုင်မြို့ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ၃၂ ရက်ကြာ အစွမ်းကုန် သောင်းကျန်းသူချေမှုန်းရေးအား ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာကျေးရွာများသို့ ပြန်လည်အခြေချ ဝင်ရောက်နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၃၁၀ တွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ပအိုဝ်းတိုင်းရင်းသားအများစု အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ကြသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

KNPP ၊ KNDFနှင့် PDF အကြမ်းဖက်သမားများ၏ သွေးထိုးမြှောက်ပင့်စည်းရုံးမှုများကြောင့် ဒေသအတွင်း မိမိဩဇာအာဏာလွှမ်းမိုးစေရန်ရည်ရွယ်သည့် PNLO အဖွဲ့သည် အဆိုပါ အဖွဲ့ များနှင့်အတူ အင်အားစုစည်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ကျေးရွာသူကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ခဲ့ကာ တပ်စခန်းများကိုဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာ များအတွင်းရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆီဆိုင်မြို့အား မီးရှို့ဖျက်ဆီးသွားခဲ့သည့် အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားများ ဘေးလွတ်ရာနေရာများသို့ နေရပ်စွန့်ခွာ နေထိုင်နေကြကြောင်း သိရသည်။

#PAN