ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂ ရက်အတွင်း ကျပ်သိန်း ၇၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

အောက်တိုဘာ ၂၂

အောက်တိုဘာလ ၁၉ ရက်နေ့ က မောင်တောမြို့၊ မြို့မတောင်ရပ်ကွက်တွင် မူးယစ်တပ်ဖွဲ့ ပူးပေါင်းအဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးအား ခေါ်ယူစစ်ဆေးရာ ကျပ်သိန်း ၁၇၀ တန်ဖိုးရှိသည့် WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၅၀၀ ကို ဖမ်းဆီးရမိကြောင်း သိရသည်။ 

ဖမ်းဆီးရမိသည့် တရားခံမှာ မြို့မတောင်ရပ်ကွက်တွင် နေထိုင်သူ မောင်နီ(ခေါ်)အဘူဖွေယာစ် ၃၅ နှစ် ဖြစ်ကြောင်းသိရပါသည်။

အောက်တိုဘာလ ၂၀ ရက်တွင်လည်း မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်ရှိ နေအိမ်တစ်ခုမှ ကျပ်သိန်း ၅၄၀ တန်ဖိုးရှိသည့် WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇,၀၀၀ ပြားနှင့်အတူ တရားခံအား ဖမ်းဆီးရမိခဲ့‌ကြောင်းသိရှိရပြီး၊ အဆိုပါတရားခံ ကျော်ဇံမင်း(ခ)ကိုဇေ ၃၂ နှစ်ကို မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေကြောင်း သတင်းအရ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊  ဖမ်းဆီးရမိသောတရားခံများကို မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်တရားခံများကို  ထပ်မံဖော်ထုတ်နိုင်ရေး စစ်ဆေးလျက်ရှိပါကြောင်းသတင်းရရှိပါသည်။

#PAN