တီဘီ အိပ်ချ်အိုင်ဗွီ (TB, HIV) ရောဂါနှင့် ကာကွယ်ကုသခြင်း
လွန်ခဲ့တဲ့နှစ် ၄၀ ကတည်းက ပေါ်ပေါက်နေတဲ့အိပ်ခ်ျအိုင်ဗွီ (HIV/AIDS) ရောဂါနဲ့ပတ်သက်တဲ့ကာကွယ်ဆေး၊ ကုသဆေးမရသေးပေ မယ့် MRNA က ကာကွယ်ဆေးထုတ်ယူနိုင်ပြီဆိုတော့ အိပ်ခ်ျအိုင်ဗွီကာကွယ်ဆေး၊ ကုသဆေးလည်း မကြာမီပေါ်ပေါက် လာဖို့ရှိပါ တယ်။
အေအိုင်ဒီအက်စ်ရဲ့ (HIV/AIDS) အဓိကလက္ခဏာတွေက ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက် ပိုလျော့ကျခြင်း၊ ပိန်ခြင်း၊ တစ်လ ဆက်တိုက်ဖျားခြင်း၊ တစ်လဆက်တိုက်ဝမ်းသွားခြင်း၊ တစ်လအတွင်း ကိုယ်အလေးချိန် ၁၀ ပေါင်ထက်လျော့ကျခြင်းဖြစ်ပြီး သာမန် လက္ခဏာတွေက တစ်လထက်ပိုပြီးချောင်းဆိုးခြင်း၊ ခန္ဓာကိုယ်အနှံ့ရေယုန်ပေါက်ခြင်း၊ ပါးစပ်ထဲ မက္ခရု ပေါက်ခြင်း၊ တစ်ကိုယ်လုံး အနှံ့အကျိတ်များထွက်ခြင်း၊ တစ်ကိုယ်လုံး အရေပြားယားယံခြင်းတို့ဖြစ်ပြီး သွေးဖောက်စစ်ဆေးကြည့်ရင် HIV Positive တွေ့ရှိ မှာဖြစ်ပါတယ်။
ကလေးတွေမှာ HIV ရောဂါဖြစ်ရင် ကလေးအသက်ရှစ်လမှာ ရောဂါလက္ခဏာစတင်ပေါ်လာမယ်။ တစ်ခါ တလေ မွေးစကတည်း က ရောဂါလက္ခဏာပေါ်လာမယ်။ အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးထံ ရောဂါမကူးစက်အောင် မွေးဖွားပေး နိုင်ပါ တယ်။ ဗိုက်ခွဲမွေးဖွားပြီး မိခင်နို့ရည်မတိုက်ကျွေးဖို့ လိုအပ်ပါတယ်။
ရောဂါကူးစက်ပျံ့နှံ့ပုံကို ဖြတ်တောက်နိုင်ရင် အိပ်ခ်ျ အိုင်ဗွီကူးစက်ဖို့မရှိပါဘူး။ ရောဂါပိုးရှိသူနဲ့ လိင်တူလိင်ကွဲ ဆက်ဆံခြင်းကနေ ရောဂါကူးစက်နိုင်တဲ့အတွက် အကာအကွယ်သုံးသင့်ပါတယ်။ တစ်ခါသုံးဆေးထိုး အပ်၊ ဆေးထိုးပြွန်၊ အရေပြားဖောက်တဲ့ တက်တူး (Tatoo) ထိုးစက်တွေကို တခြားသူနဲ့ မျှဝေမသုံးစွဲသင့်ပါဘူး။ အိပ်ခ်ျအိုင်ဗွီရောဂါရှိသူက သွေးလှူတာ၊ မျက်ကြည်လွှာနဲ့ တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မလှူသင့်ပါဘူး။ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို နို့တိုက်ရာကနေ ရောဂါကူးစက်နိုင်လို့ မိခင်နို့ မတိုက်ဘဲ နို့မှုန့်၊ နို့ဘူးတိုက်သင့်ပါတယ်။
အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝတဲ့အစားအစာနဲ့ လတ်ဆတ်တဲ့အစာတွေ စားသင့်ပါတယ်။ အသားဓာတ် ပါတဲ့ ငါး၊ အသည်း၊ ကစီဓာတ်ပါတဲ့ ထမင်း၊ ဂျုံ၊ ပေါင်မုန့်၊ ဗီတာမင်ဓာတ်ပါတဲ့ အသီးအရွက်တွေကို အလေးထားပြီး စားသောက် သင့်ပါတယ်။ ဆေးလိပ်၊ ကွမ်းနဲ့အရက်ရှောင်သင့်ပါ တယ်။ ဆေးလိပ်နဲ့ ကွမ်းက နီကိုတင်းအခြေခံဆေးရွက် ကြီးနဲ့စီမံထားလို့ စွဲလမ်းစေပြီး ကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်း ၄၀ ကျော်၊ တခြားဓာတုပစ္စည်း ၄၀၀၀ ကျော် ပါဝင်လို့ မစားသောက်သင့်ပါဘူး။ အရက်ကလည်း လူကိုစွဲလမ်းစေတဲ့အပြင် သောက်သုံးသမျှဆေးဝါးတွေကို နေရာလုယူနေလို့ မသောက်သင့်ပါဘူး။ ယခုအခါမှာ ခုခံအားမြှင့်(ART)ဆေးကုထုံးနဲ့ အိပ်ခ်ျအိုင်ဗွီ(HIV/AIDS)လူနာတွေကို နေ့စဉ်နှစ်ကြိမ် ဆေးတိုက်ကျွေးနေတဲ့အတွက် လူ့သက်တမ်း စေ့နီးပါး နေထိုင်နိုင်ကြပါပြီ။ အိပ်ခ်ျအိုင်ဗွီ (HIV/AIDS)ဝေဒနာရှင်တွေဟာ တီဘီ(Pulmonary TB) နဲ့ သေဆုံးကြတာ များလို့ တီဘီဆေး တိုက်ကျွေးထားသင့် ပါတယ်။
အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားသုံးသင့်ပြီး ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးချောင်း ကြော်တွေကို ရှောင်သင့်ပါတယ်။ ရောဂါပိုးရှိသူတစ်ယောက်က စိတ်ဓာတ်မကျသင့်ပါဘူး။ စိတ်ပျော်အောင်နေသင့်ပါတယ်။ ပင်ပန်းတဲ့ အလုပ်ကို မလုပ်သင့်ပါဘူး။ အိပ်ရေး၀၀ အိပ်စက်သင့်ပါတယ်။ သင့်တင့်တဲ့ အားကစားပြုလုပ်သင့်ပါတယ်။
ဘာသာရေးကိုလည်း များများလုပ်သင့်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံပြီး စကားပြောသင့်ပါတယ်။ သူတို့ရဲ့အားပေးမှုခံယူသင့် ပါတယ်။
တီဘီရောဂါက မိုက်ကိုဗက်တီးရီးယားတီဘီ (Mycobacterium Tuberculosis) ကြောင့်ဖြစ်ပွားပြီး နှစ်စဉ် လူဦးရေ နှစ်သန်းလောက် သေဆုံးနေကြရပါတယ်။ နှစ်စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေတာကြောင့် ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်ပါတယ်။ တီဘီရောဂါ က အီဂျစ်၊ တရုတ်၊ ဂရိနိုင်ငံတွေမှာ စတင်ဖြစ်ပွားခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ တီဘီရောဂါက အဆုတ်မှာအများဆုံးဖြစ်ပြီး အဆုတ်အပြင် ခန္ဓာကိုယ်အနှံ့အကျိတ်တွေ၊ ဦးနှောက်၊ အစာအိမ်၊ အူ၊ ကျောက်ကပ်၊ အရိုးအဆစ်နဲ့ အရေပြားတို့မှာလည်း ဖြစ်ပွားတတ်ပါတယ်။
တီဘီ (Mycobacterium Tuberculosis) ကမျိုးရိုးလိုက်ပြီးမဖြစ်ပွားနိုင်ပါဘူး။ တီဘီရောဂါရှိတဲ့ လူနာက နှာချေတာ၊ ချောင်းဆိုးတာ၊ တံတွေးထွေးတာ ကတစ်ဆင့် တီဘီပိုးလေထဲရောက်ရှိပြီး ကူးစက်နိုင်ပါတယ်။ မိသားစုထဲမှာ တီဘီရောဂါပိုး ရှိနေတဲ့လူရှိရင်လည်း မိသားစုဝင်တွေကို ရောဂါကူးစက်နိုင်ပါတယ်။ လူစုလူဝေးရှိတဲ့နေရာမှာ တီဘီရောဂါပိုးကူးစက် ပျံ့နှံ့လွယ် ပါတယ်။
တီဘီရောဂါရဲ့လက္ခဏာတွေက တစ်လကျော်ကြာချောင်းဆိုးခြင်း၊ ချောင်းဆိုးတဲ့အခါ သလိပ်ထွက်ပြီး သွေးပါခြင်း၊ ညနေပိုင်းမှာ အဖျားတငွေ့ငွေ့တက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အကျိတ်ကြီးလာခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ ညနေစောင်း ကိုယ်ပူချိန်တက်ပြီး လည်ပင်းအကျိတ်ရှိရင် ကလေးတီဘီဖြစ်လို့ ဓာတ်မှန်ရိုက် စစ်ဆေးပြီး ဒေသန္တရဆေးခန်းမှာ တီဘီ ဆေးတိုက်ကျွေးသင့်ပါတယ်။
တီဘီရောဂါကို တိုက်ရိုက်ကြည့်ရှုအချိန်တိုနဲ့ကု (DOTS-Directly Observed Treatment Short Course)ဆိုတာ နံနက် ၆ နာရီ အိပ်ရာနိုးနိုးချင်း တီဘီဆေးသောက်ဖို့ မိသားစုဝင် သို့မဟုတ် မိတ်ဆွေ တစ်ဦးဦးက နေ့စဉ်စောင့်ကြည့်ပြီး ဆေးတိုက်ကျွေးတာ ဖြစ်ပါတယ်။ နေ့စဉ် ကျန်းမာရေးဝန်ထမ်းတွေကနံနက် ၆ နာရီ သို့မဟုတ် အစာမစားမီ သုံးနာရီကြာ ဆေးပမာဏပြည့်ဝအောင် စနစ်တကျတိုက်သင့်ပါတယ်။ တီဘီဆေးကို (၆-၈)လအထိ သောက်ရပါတယ်။ ပထမနှစ်လကို အိုင်ဆိုနစ် (Isoniazid)၊ ရမ်ဖာရင်း (Rifampicin 500mg)၊ အီးတီဘီ(thombutol)၊ပီဇက်အေ(PZA-Pyrazenamide)လေးမျိုးပါဆေး နေ့စဉ် တိုက်ကျွေးပြီး ကျန် (၄-၆)လကို အိုင်ဆိုနစ်(isoniazid)နဲ့ ရမ်ဖာရင်း (Rifampicin 500mg) တစ်ပတ်နှစ်ကြိမ် တိုက်ကျွေး သင့်ပါတယ်။
တီဘီဦးနှောက်အမြှေးရောင်သူတွေမှာ အနည်းဆုံး ၁၂ လ နေ့စဉ်ပုံမှန် အချိန်တိကျစွာ သောက်သုံးသင့်ပါတယ်။ ဆေးကုသစဉ် ရောဂါသက်သာလာပြီးနှစ်လ၊ သုံးလအတွင်း သလိပ်ပြန်စစ်လို့ ရောဂါပိုးမတွေ့ရင် ရောဂါပျောက်ကင်းပြီလို့ မယူဆသင့်ပါဘူး။ (၆-၈)လပြည့်တဲ့အထိ ကုသသင့်ပါတယ်။ မိမိအစီ အစဉ်နဲ့မိမိ တီဘီဆေးသောက်တာရပ်လိုက်ရင် နောက်တီဘီဆေး ပြန်သောက်တဲ့ အခါ ဆေးမတိုးတဲ့ တီဘီ (Drug Resistant TB) ဖြစ်လို့ ဆေးပိုပြီး သောက်ရမယ့်အပြင် ဆေးထိုးရမယ့် အဆင့်ထိ ဖြစ်နိုင်ပါတယ်။ တီဘီရောဂါကုသပြီး (၂-၃)လပြည့်ချိန်နဲ့ (၆-၈)လပြည့်ချိန်တို့မှာ သလိပ်စစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း တို့ပြုလုပ်သင့်ပါတယ်။
တီဘီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေက မျက်စိနဲ့အသားဝါတာဖြစ်တဲ့အတွက် ဆရာဝန်ထံ ချက်ချင်းပြသပြီး ဆေးပြောင်းလဲ သောက်သုံးသင့်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေက ဝမ်းဗိုက်အောင့်ခြင်း၊ ခြေလက် ထုံကျဉ်ကိုက်ခဲခြင်း၊ ခြေဆစ်ရောင်ခြင်း၊ အမြင် အာရုံမှုန်ဝါးခြင်း၊ အရေပြားယားယံခြင်း၊ အဖုအပိမ့် အနီကွက်များထွက်ခြင်း၊ နားအူခြင်း၊ ကျောက်ကပ် ရောင်ခြင်း၊ ပျို့ခြင်း၊ အိပ်မပျော်ခြင်းတို့ဖြစ်တတ်ပါ တယ်။ အိပ်ခ်ျအိုင်ဗွီ (HIV/AIDS)မှာ တီဘီရောဂါ က အဓိကအကြောင်းရင်းဖြစ်တယ်။ ကမ္ဘာတစ်ဝန်း HIV/AIDS ရောဂါခံစားနေရတဲ့ လူနာတွေရဲ့ သေဆုံးသူအများစုက တီဘီရောဂါကြောင့်ဖြစ်တတ်ပါ တယ်။
တီဘီရောဂါမဖြစ်အောင် ကလေးနှစ်လသားအရွယ်မှာ ကာကွယ်ဆေး ပင်တာဗဲလိတ်(pentavalid)နဲ့အတူ အဆုတ်တီဘီ ကာကွယ်ဆေး (BCG)ထိုးနှံ သင့်ပါတယ်။ တီဘီရောဂါရှိသူနဲ့အတူနေတဲ့ မိသားစု ဝင်တွေ တီဘီရောဂါပိုးရှိ၊ မရှိစစ်ဆေးပြီး ရောဂါရှိရင် စနစ်တကျကုသမှုခံယူသင့်ပါတယ်။ တီဘီရောဂါလူနာတွေအနေနဲ့ ရောဂါပျောက်ကင်းအောင် ကုသမယ်ဆိုရင် တခြား သူတွေဆီ ကူးစက်မှုမဖြစ်နိုင်ပါဘူး။ သလိပ်မှာ တီဘီပိုးတွေ့တဲ့လူနာတွေအနေနဲ့ ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင် အုပ်ပြီး ချောင်းဆိုးသင့်ပါတယ်။ တီဘီရောဂါတွေ့ ရှိရင် ဆေးသောက်ရမယ့်အချိန်ကာလ (Dose vs Course) ပြည့်ဝစွာ စနစ်တကျသောက်သုံးပြီး ကုသမှုခံ ယူသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်