ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအနီး တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်များအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သဲဖြူရွာသစ်ကျေးရွာအနီး တောင်ငူ-သာယာကုန်း သို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်များအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်တာဝါတိုင်တစ်တိုင် တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သဲဖြူရွာသစ်ကျေးရွာဘက်မှ ပေါက်ကွဲသံကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ရာ သဲဖြူရွာသစ်ကျေးရွာအနီး တောင်ငူ-သာယာကုန်းသို့ သွယ်တန်းထားသည့် 230 KV ဓာတ်အားလိုင်း လျှပ်စစ်တာဝါတိုင်အမှတ်(၂၂၃)အား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလား သူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ သဖြင့် ၎င်းတာဝါတိုင်မှာ အနည်းငယ်တိမ်းစောင်းနေသည်ကို တွေ့ရှိရ၍ ဆက်လက်စစ်ဆေးခဲ့ရာ လျှပ်စစ်တာဝါတိုင်အမှတ် (၂၂၂) အောက်ခြေတိုင် ၃ ခု၌ အကြမ်းဖက်သမားများက ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်ဆင်ထားပြီး ဖောက်ခွဲရန်ပြုလုပ်ထားသည်ကို ထပ်မံတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်တာဝါတိုင်များမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ၍ ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင်ထားသည့် လျှပ်စစ်တာဝါတိုင်များဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးတို့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN