မြဝတီမြို့တွင် ကမ္ဘောဇဘဏ်ဝန်ထမ်း အကြီးတန်းမန်နေဂျာ တစ်ဦးကို အမည်မသိ အကြမ်း ဖက်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်

အောက်တိုဘာ ၂

        ကရင်ပြည်နယ်၊မြဝတီမြို့၊ အမှတ်(၄) ရပ် ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ(၃)လမ်း ထောင့်တွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ဦးတင်မောင်အေး၊ ၄၃ နှစ်၊ (ဘ)ဦးမောင်မောင်အေး၊ ၉/မနမ(နိုင်) ၁၁၇၆၄၁၊ ဗမာ/ဗုဒ္ဓ၊ ကမ္ဘောဇဘဏ်ဝန်ထမ်း(အကြီးတန်းမန်နေဂျာ)၊ ကမ္ဘောဇဘဏ်(၃)ဝန်း၊ အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့ နေသူအား အမည်မသိ အကြမ်း ဖက်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားကြောင်း သိရသည်။

         ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးတင်မောင်အေး တွင် ဝဲနားအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ယာပါးကျည်ဖောက်ထွက်ဒဏ် ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီး၌ ဒဿမ ၃၈ အမျိုးအစားကျည်ခွံ ၂ ခုအားတွေ့ရှိခဲ့ရကြောင်း သိရပါသည်။

       ဖြစ်စဉ်မှာ သေဆုံးသူ ဦးတင်မောင်အေးသည်  ယာဉ်အမှတ်၊ KYN 82W-56767 နံပါတ်ပါ Honda Click အမျိုးအစား နက်/ညိုရောင်ဆိုင်ကယ်ဖြင့် မြဝတီမြို့၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)မှ အလုပ် ဆင်းပြီးပြန်လာစဉ် မြဝတီမြို့၊အမှတ်(၄) ရပ် ကွက်၊ မေတ္တာ(၃)လမ်းထိပ်၌ အရှေ့မှ အနောက်သို့ အနောက်မှကပ်လျက် လိုက်လာသော ဆိုင်ကယ်(စိစစ်ဆဲ)စီးနင်းလာသူ အမည်မသိအကြမ်း ဖက်သမား အမျိုးသား ၂ ဦးအနက် အနောက်တွင်စီးနင်းလိုက်ပါလာသူမှ သေနတ်(အမျိုးအစားစိစစ်ဆဲ)ဖြင့် ၃ ချက်ပစ်ခတ်ပြီး တောရကျောင်းလမ်းအတိုင်း ဟေမာန်ဦးဘုန်းကြီးကျောင်းဘက်သို့ ထွက် ပြေးမောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

       ဦးတင်မောင်အေး ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သူ တရားခံများအား ဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။