ညောင်ဦးမြို့နယ်တွင် ချောင်းရေကျချိန် ချောင်းအတွင်းဖြတ်မောင်းရာမှ ၆ ဘီးယာဥ် တစ်စီး ချောင်းရေတွင် မျောပါသွား၊ အမျိုးသားနှစ်ဦးသေဆုံး

စက်တင်ဘာ ၂၉

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊စပါးသင်ကျေးရွာနှင့်ပန်းကုံးပင်ကျေးရွာအကြားရှိ သဲချောင်းတွင် ၆ ဘီးယာဥ် တစ်စီး ယနေ့ နံနက်က ချောင်းရေတွင် မျောပါသွားခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ယနေ့ နံနက် ၃ နာရီအချိန်ခန့်တွင် မိုးအောင်၊၂၅နှစ်၊(ဘ)ဦးကျော်မိုး၊သဲယာချောင်းကျေးရွာ ၊ တောင်ဘီလေးအုပ်စု၊ညောင်ဦးမြို့နယ်နေသူ မောင်းနှင်ပြီး ဦးကျော်မိုး၊၆၀နှစ်၊(ဘ)ဦးဖိုးဟန်၊ညောင်ဦးမြို့နယ်၊တောင်ဘီလေးအုပ်စု၊သဲယာချောင်းကျေးရွာနေသူ လိုက်ပါလာသည့် SOJEN အဖြူရောင် ၆ ဘီးယာဥ် သည် ပန်းကုံးပင်ကျေးရွာဘက်မှ စပါးသင်ကျေးရွာဘက်သို့ မောင်းနှင်လာစဥ် မိုးရွာ သွန်းမှုကြောင့် ချောင်းရေကျချိန် ချောင်းအတွင်းဖြတ်မောင်းရာမှ ချောင်းရေတွင် မျောပါသွားခြင်းဖြစ်ကြောင်း သိရသည်။

      အဆိုပါ စပါးသင်ကျေးရွာနှင့် ပန်းကုံးပင်ကျေးရွာအကြားသို့ တာဝန်ရှိသူများမှ သွား ရောက်စစ်ဆေးခဲ့ရာ ချောင်း၏အနောက်ဘက် ၁ ဖာလုံခန့်အကွာ သဲတောတွင် SOJEN အဖြူရောင် ၆ ဘီးယာဥ်မှာ နစ်မြုပ်နေသည်ကို တွေ့ရှိရကြောင်း၊ လူတစ်ဦးတစ်ယောက်မှ မတွေ့ရသဖြင့် လိုက်လံရှာဖွေခဲ့ရာ ယာဥ်နစ်မြုပ်နေသည့်နေရာမှ ၂ ဖာလုံခန့်အကွာ သစ်ပင်တွင် ညိလျက် ဦးကျော်မိုးကို အဝတ်ဗလာဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေပြီး ၎င်းနှင့် ၄ဖာလုံခန့်အကွာတွင် မိုးအောင် ကို အဝတ်ဗလာဖြင့် နဖူး၊ရင်ဘတ်၊ဝမ်း ဗိုက်တို့တွင် သဲ၊သစ်ကိုင်းဖြင့် ပွန်းခြစ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN