အမ်းမြို့နယ်က အထက်တန်းပြ ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူက ဓားနဲ့ထိုး

PAN စက်တင်ဘာ ၂၇

အထက်တန်းပြ ကျောင်းဆရာမတစ်ဦးကို ခင်ပွန်းဖြစ်သူ က ဓားနဲ့ထိုးလိုက်တဲ့ ဖြစ်စဉ်တစ်ခုဟာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

ဓားနဲ့အထိုးခံရသူမှာ အမ်းမြို့နယ် ရူးကျေးရွာအထက်တန်းကျောင်းတွင် တာဝန်ကျနေသူ ဆိပ်ပုံမကျေးရွာဇာတိ အသက် ၄၁ နှစ်အရွယ် ဒေါ်သန်းသန်းဌေးဖြစ်ပြီး ကျောင်းဖွင့်ရက်နေ့တိုင်း မိမိနေအိမ်က စာသင်ကျောင်းရှိရာကို စက်ဘီးတစ်စီးနဲ့ ကျောင်းတက်ကျောင်းဆင်း လုပ်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာ ဒီကနေ မနက် ၉ နာရီဝန်းကျင်ခန့်က စက်ဘီးနဲ့ ကျောင်းကိုလာရာလမ်းမှာ အသင့်စောင့်ဆိုင်းနေတဲ့ ခင်ပွန်းဖြစ်သူက သူ့မှာ ပါလာတဲ့ ဓားနဲ့ ဆရာမကို အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာမနဲ့ သူမရဲ့ ခင်ပွန်းဖြစ်ပွန်းဖြစ်သူ အသက် ၅၀ အရွယ် ဦးညီညီတို့မှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် ကွာရှင်းဖို့ စီစဉ်နေကြတဲ့ သူတွေဖြစ်ပြီး အဲဒီလို စီစဉ်နေတုန်းမှာ အခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာမ ဒေါ်သန်းသန်းဌေးမှာ ရူးကျေးရွာမှာ ၂၀၁၇ ခုနှစ် ကတည်းက တာဝန်ကျနေတာဖြစ်ပြီး ရူးဒေသခံ ဦးညီညီနဲ့ အိမ်ထောင်ကျတာ ၂ နှစ်လောက်သာ ရှိသေးတယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူက ဆရာမ ဒေါ်သန်းသန်းဌေးရဲ့ ဆီးခုံအထက်၊ လက်မောင်း၊ ရင်ဘတ်နဲ့၊ နောက်ကျောတွေကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသွင်းခဲ့တဲ့ ဒဏ်ရာကြောင့် အမ်းပြည်သူ့ဆေးရုံမှာ အရေးပေါ် လူနာအဖြစ် ဆေးကုသမှု ခံနေရကြောင်း၊ ဆေးကုသမှု ခံယူနေစဉ် သတိပြန်လည်ရလာတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း သိရပါတယ်။

#PAN