ဒေါပုံမြို့နယ်တွင် စိတ်ကြွဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ၊ ဆက်စပ်သူ ၃ ဦး ဖမ်းဆီးထား

(မှုခင်း) နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် HONDA CRV မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၁,၀၂၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့်နှင့် လက်ကိုင်ဖုန်း ၃ လုံးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သယ်ဆောင်ရောင်းဝယ်သူ ၃ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ မြို့မလမ်းတွင် မောင်အေးထွန်းနှင့် ထွန်းချေ (ခ) ဒေါင်းချေတို့ကို HONDA CRV အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁,၀၂၀,၀၀၀ ပြား၊ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅၃ ဘီလီယံခန့်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်မှုများအရ အဆိုပါစိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဝင်း (ခ) ကျော်ဝင်းချေကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတောရပ်ကွက်၊ ကွက်သစ်လမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ မောင်အေးထွန်း (၆၀) နှစ်၊ ထွန်းချေ (ခ) ဒေါင်းချေ (၅၈) နှစ်နှင့် ကျော်ဝင်း (ခ) ကျော်ဝင်းချေ (၅၅) နှစ်တို့ကို ဒေါပုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN