သထုံ၌ နေပူပြင်းချိန် ဆိုင်ကယ်စီးလာသည့် အမျိုးသမီး သတိလစ်လဲကျပြီး သေဆုံး

(ပြည်တွင်း) အောက်တိုဘာ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နေပူထဲ ဆိုင်ကယ်စီးနင်းလာသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီခန့်တွင် ပေါ်တော်မူကျေးရွာ၊ ဘုရားလမ်း၌ နေထိုင်သူ အမျိုးသမီးသည် လေယာဉ်ကွင်းလမ်းမှ ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် IC ဆိုင်အနီး၌ ခေါင်းမူးလာသဖြင့် ဆိုင်ကယ်ရပ်ရန်ပြုလုပ်ခဲ့ရာ မထိန်းနိုင်ဘဲ လဲကျပြီး သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအား သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့က မွန်ပြည်နယ်အတွင်း အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိခဲ့ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရပြီး အပူချိန် မြင့်မားနေချိန်တွင် နေပူထဲ သွားလာရသူများအနေဖြင့် အပူဒဏ်ခံစားရမှု မဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာနမှလည်း အထူးဂရုစိုက်ကြရန် သတိပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN