ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး အမှန်တကယ်အလုပ်လုပ်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

(ပြည်တွင်း) ဩဂုတ် ၂၆

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား တိုက်တွန်းမှာကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြည်ပခရီးစဉ်များက နိုင်ငံတကာဆက်ဆံရေး ပိုမိုခိုင်မာစေမည်ဟု ပြောကြား


အစည်းအဝေးတွင် သမ္မတ ဦးမင်းအောင်လှိုင်က ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ သက်ဆိုင်ရာနိုင်ငံများမှ ခေါင်းဆောင်များ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးမြှင့်ရေး၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများ၏ ဘေးကင်းလုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေးများ ရရှိရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးတို့ကို ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်များအတွင်းလည်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ လျှပ်စစ်စွမ်းအင်၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကာကွယ်ရေးနှင့် စက်မှုလက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့ကြောင်း ဆိုသည်။

ပြည်တွင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ရန်လို


သမ္မတက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းရှိ အားသာချက်များကို အသုံးချကာ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများ၏ အားသာချက်များနှင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို လေ့လာကြည့်ပါက စီးပွားရေးကျဆင်းမှုများနှင့် ဆက်စပ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် မြေပြင်အခြေအနေမှန်များနှင့် ကိန်းဂဏန်းအချက်အလက်များကို မှန်ကန်စွာ တင်ပြကြရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့ပြင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်ပထောက်ပံ့ငွေများ၊ ချေးငွေများအပေါ် အားထားခြင်းထက် ပြည်တွင်းရှိ အင်အားများကို အသုံးချ၍ ပြည်တွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသည့်အတိုင်း ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးပြီး နိုင်ငံ့စီးပွားတိုးတက်လာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေခံမြေခံကောင်းများ ရှိပြီးဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်သာ အဓိကလိုအပ်ကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရန် မှာကြား


သမ္မတက မြန်မာ့ပေါ်ဆန်းမွှေးစပါး ဈေးကွက်ပြန်လည်ရရှိရေး၊ တစ်ဧကအထွက်နှုန်း မြင့်မားရေး၊ ဆီထွက်သီးနှံများ ဖူလုံစွာ ထုတ်လုပ်နိုင်ရေးနှင့် ပဲ၊ ဝါ၊ ရာဘာ စသည့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ဈေးကွက်လိုအပ်ချက်များ ရှိနေသဖြင့် ယင်းဈေးကွက်များကို ဖြည့်ဆည်းနိုင်ပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါစိုက်ပျိုးရေးနှင့် ဝါထုတ်ကုန်များမှတစ်ဆင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးနိုင်သဖြင့် ဝါစိုက်ပျိုးမှု တိုးမြှင့်ရေးကိုလည်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

လူသားအရင်းအမြစ်နှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေး အလေးထား


နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်များ လိုအပ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေသည် အတိတ်ကာလများနှင့် နှိုင်းယှဉ်ပါက တိုးတက်လာကြောင်း၊ ၁၉၇၃ ခုနှစ်တွင် အတန်းပညာမရှိသူ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ လျော့ကျလာကြောင်း ပြောကြားခဲ့သည်။

အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေပြင်အခြေအနေများကို စာရင်းကောက်ယူပြီး အဆင့်မြှင့်တင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် မြို့ရွာသန့်ရှင်းရေး ဆောင်ရွက်ရန် တိုက်တွန်း


သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများတွင် အရည်အသွေးပြည့်မီရေး၊ ကုန်သွယ်မှုမြန်ဆန်ချောမွေ့ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် သမ္မတက မှာကြားခဲ့သည်။

ထို့အပြင် မိုးရာသီကာလ ရေကြီးရေလျှံမှုများ လျှော့ချနိုင်ရေးအတွက် မြစ်ချောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းများ ဆယ်ယူခြင်းနှင့် မြို့ပြရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

မြို့ရွာများ သန့်ရှင်းသာယာရေးတွင် အုပ်ချုပ်ရေးအဖွဲ့များသာမက ပြည်သူတစ်ဦးချင်းစီကလည်း စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။