ဂီနီနိုင်ငံ မြို့တော်အတွင်း အမှိုက်ပုံမြေပြိုမှုကြောင့် လူ ၃၀ သေဆုံး၊ ၂၂ ဦး ဒဏ်ရာရ

(နိုင်ငံတကာ) ဩဂုတ် ၂၄

ဂီနီနိုင်ငံ မြို့တော် ကိုနာကရီရှိ အမှိုက်စွန့်ပစ်ရာနေရာကြီးတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ ၃၀ သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂီနီအစိုးရက ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်သည် ကိုနာကရီမြို့ Gbessia ရပ်ကွက်အတွင်း ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြေပြိုကျမှုကြောင့် အနီးဝန်းကျင်ရှိ တဲများနှင့် ယာယီတဲအိမ်များ မြေထဲတွင် ဖုံးလွှမ်းသွားခဲ့သည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၀ ဦးအပြင် ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၁၆ ဦးမှာ အနည်းငယ် ဒဏ်ရာရရှိခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက မြေပြိုကျသည့်နေရာတွင် မြေတူးစက်များနှင့် အခြားကယ်ဆယ်ရေးကိရိယာများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ မြေပြိုကျမှုမှာ အလွန်ကြီးမားပြီး အဆောက်အအုံတစ်လုံးပင် မြေထဲတွင် ဖုံးလွှမ်းသွားနိုင်သည့်အထိ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်အတွင်း သားသမီးငါးဦးစလုံး သေဆုံးခဲ့သည့် မိခင် Cire Diallo က ဖြစ်စဉ်နေရာတွင် သတင်းထောက်များအား “ကျွန်မရဲ့ ကလေးတွေအားလုံးကို ဆုံးရှုံးလိုက်ရပြီ။ ကျွန်မလုပ်နိုင်တာက ဘုရားသခင်ကို ယုံကြည်အားကိုးဖို့ပဲရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုမြေပြိုမှု မဖြစ်ပွားမီ တစ်ပတ်မပြည့်ခင်ကပင် ဂီနီအစိုးရက အဆိုပါအမှိုက်စွန့်ပစ်ရာနေရာကို ပိတ်သိမ်းပြီး အမှိုက်များကို အခြားနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

အဆိုပါအမှိုက်ပုံသည် အန္တရာယ်ရှိသည့်အတွက် ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကိုနာကရီမြို့ပြင်ဘက်သို့ အမှိုက်များ ပြောင်းရွှေ့သွားမည်ဟု နယ်မြေအုပ်ချုပ်ရေးဝန်ကြီး Djénabou Touré Camara က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Amadou Oury Bah သည်လည်း တနင်္ဂနွေနေ့တွင် အမှိုက်ပုံနေရာသို့ သွားရောက်ကာ ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့သည်။

ဂီနီအစိုးရက ပြည်သူများအနေဖြင့် တည်ငြိမ်စွာနေထိုင်ရန်၊ အချင်းချင်း စည်းလုံးညီညွတ်စွာ ကူညီကြရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန် တိုက်တွန်းထားသည်။

ဂီနီနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘော့ဆိုက်သတ္တုရိုင်း အရန်သိုက်အများဆုံးရှိသည့် နိုင်ငံဖြစ်သလို Simandou ဒေသတွင်လည်း ကမ္ဘာ့အကြီးဆုံး မတူးဖော်ရသေးသည့် သံသတ္တုရိုင်းအရန်သိုက်များအနက် တစ်ခုရှိသည်။ သို့သော် အခြေခံအဆောက်အအုံများ အားနည်းပြီး ဆင်းရဲနွမ်းပါးမှု မြင့်မားနေဆဲဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ဧပြီလထုတ် အစီရင်ခံစာအရ လူဦးရေ ၁၅ ဒသမ ၁ သန်းရှိသည့် ဂီနီနိုင်ငံတွင် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သည် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၀ အောက်ဖြင့် နေထိုင်နေရကြောင်း သိရသည်။