မုဒုံမြို့၌ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး၊ တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိ

(မှုခင်း) ဩဂုတ် ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့၌ ဩဂုတ်လ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်က အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၂ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယာရပ်၌ အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးရာ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယာရပ်၊ ဆရာစံ (၃) လမ်းရှိ နေအိမ်တစ်အိမ်တွင် အိမ်ငှားနေထိုင်သူ မနွယ်နွယ်ခိုင်၊ အသက် ၄၂ နှစ်သည် နေအိမ်နောက်ဘက် မီးဖိုခန်းအနီး ကြမ်းပြင်ပေါ်၌ ရင်အုံဝဲဘက်၊ ဝဲလက်မောင်း၊ ဝဲဘက်ပုခုံးနောက်ဘက်၊ ဝမ်းဗိုက်၊ ကျောကုန်းဝဲဘက်၊ ကျောကုန်းနှင့် ယာဘက်တင်ပါးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများအပြင် ကျောကုန်းအလယ်၌ ပြက်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ မနွယ်နွယ်ခိုင်သည် အဆိုပါနေအိမ်၌ လွန်ခဲ့သည့် ၅ လခန့်မှစတင်၍ ယင်းအိမ်တွင်အိမ်ငှားနေထိုင်သူဖြစ်ကြောင်း အခင်းဖြစ်ပတ်ဝန်ကျင်နေအိမ်များ၏ပြောဆိုချက်အရ သိရသည်။ 

ထို့သို့ဌားရမ်းနေထိုင်စဉ် မနွယ်နွယ်ခိုင်သည် ဦးသိန်းအောင်ဆိုသူနှင့်အတူ လာရောက်နေထိုင်ခဲ့ကြောင်း၊ ၃ လခန့်အကြာတွင် ဦးသိန်းအောင်၏ မယားကြီးဖြစ်သူ ဒေါ်ပန်းရင်က ၎င်းတို့နှစ်ဦး အတူနေထိုင်သည်ကို သိရှိသွားသဖြင့် ဦးသိန်းအောင်အား ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးနောက် မနွယ်နွယ်ခိုင်တစ်ဦးတည်းသာ အဆိုပါနေအိမ်တွင် ဆက်လက်နေထိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မနွယ်နွယ်ခိုင်၏ နေအိမ်ခြေရင်းဘက်တွင် နေထိုင်သူ ဒေါ်ခင်သိန်းညွန့်၏ ပြောကြားချက်အရ ဩဂုတ်လ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ဈေးရောင်းနေစဉ် မနွယ်နွယ်ခိုင်၏ နေအိမ်ဘက်မှ သေနတ်သံများကြားရပြီးနောက် နေအိမ်အတွင်းမှ လူငယ်တစ်ဦး ပြေးထွက်လာသည်ကို တွေ့ရှိခဲ့ကြောင်း၊ ထိုလူငယ်မှာ လမ်းမပေါ်တွင် အသင့်ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ ထိုင်စောင့်နေသည့် အခြားလူငယ်တစ်ဦးနှင့်အတူ ဆိုင်ကယ်ပေါ်တက်ကာ မော်လမြိုင်-သံဖြူဇရပ် မီးရထားလမ်းဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

သေဆုံးသူ မနွယ်နွယ်ခိုင်၏ ရုပ်အလောင်းအား မှုခင်းဆေးစာဖြင့် မုဒုံပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN