(မှုခင်း) ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်း ဆိုင်ကယ်ခိုးယူမှုများကို စုံစမ်းဖော်ထုတ်ရာတွင် ဆိုင်ကယ်ခိုးယူခဲ့သည့် အမျိုးသား ၂ ဦးနှင့် ခိုးယူလာသည့်ဆိုင်ကယ်များကို လက်ခံဝယ်ယူခဲ့သည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သက်သေခံဆိုင်ကယ် ၁၄ စီးကို ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက်ပိုင်းက တာချီလိတ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်–ကျိုင်းတုံသွား ကားလမ်း၊ မယ်ယန်းကျေးရွာအနီး၌ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို စစ်ဆေးခဲ့ရာ မျိုးမင်းသူရ(ခ) ဖိုးသားနှင့် သီဟထွန်း(ခ) သီဟတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ဆက်လက်စစ်ဆေးမေးမြန်းရာမှ ခိုးယူထားသည့် ဆိုင်ကယ်များ၏ တည်နေရာများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုံစမ်းဖော်ထုတ်မှုများအရ မိုင်းဆတ်မြို့၊ မယ်ဆွမ်ရပ်ကွက်ရှိ ဇင်ထက်အောင်ထံမှ ဆိုင်ကယ် ၅ စီး၊ အခြားနေရာများမှ ၃ စီး၊ မိုင်းဖြတ်မြို့၊ ဝမ်မိုင်ရပ်ကွက်ရှိ ချစ်မင်းသူ(ခ) အညာသားထံမှ ၄ စီးနှင့် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင်မှ ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း သက်သေခံဆိုင်ကယ် ၁၄ စီးကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဆိုင်ကယ်ခိုးယူသူ ၂ ဦးနှင့် ခိုးရာပါဆိုင်ကယ်များဖြစ်ကြောင်း သိရှိလျက်ဖြင့် လက်ခံဝယ်ယူခဲ့သူ ၂ ဦး စုစုပေါင်း ၄ ဦးကို သက်ဆိုင်ရာဥပဒေများအရ အရေးယူနိုင်ရေး မြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး၊ သိမ်းဆည်းရမိသည့် ဆိုင်ကယ်များကို ပိုင်ရှင်အစစ်များထံ ပြန်လည်အပ်နှံနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

#PAN