
(ပြည်တွင်း) ဇွန် ၂၉
မြန်မာနိုင်ငံ၏ စက်သုံးဆီ လိုအပ်ချက်အတွက် စင်ကာပူနိုင်ငံ ကုန်သွယ်မှုဗဟိုချက် တစ်ခုတည်းအပေါ် နှစ်ရှည်လ များ မှီခိုနေရမှုကို လျှော့ချရန်နှင့် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး (Energy Security) စိတ်ချရစေရန် စက်သုံးဆီတင်သွင်းသည့် အရင်း အမြစ်များနှင့် လမ်းကြောင်းသစ်များ ဘက်စုံကွဲပြားစေမည့် မူဝါဒကို ချမှတ်အကောင် အထည်ဖော်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားလိုက်သည်။
ဇွန်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် စက်သုံးဆီကဏ္ဍနှင့် ပတ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ဒုတိယဝန်ကြီးက ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍသည် ပြည်ပမှ တင်သွင်းမှုအပေါ် လုံးဝဥဿုံ မှီခိုနေရပြီး လက်ရှိတွင် စင်ကာပူနိုင်ငံတစ်နိုင်ငံတည်းကိုသာ အဓိကအားထား တင်သွင်းနေရသည်။ ထို့ကြောင့် အနာဂတ်တွင် စွမ်းအင်ပြတ်လပ်မှုအန္တရာယ်မှ ကာကွယ်ရန် ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှု တိုးမြှင့်သွားမည်ဖြစ်ပြီး၊ ပြည် တွင်း၌ ဆီပြတ်လပ်မှုမရှိစေရန်နှင့် စျေးနှုန်းတည်ငြိမ်မှု ရှိစေရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် ရေရှည်ဆီတင်သွင်းမှု သဘောတူညီချက်များ (Long-term Supply Agreements) ရရှိစေရန် ဝန်ကြီး ဌာနက အလေးအနက် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီ ဖြန့်ဖြူးမှုကွင်းဆက် (supply chain) စီမံခန့်ခွဲမှုကို မြှင့်တင်ရန်နှင့် မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချရန်အတွက် ဒစ်ဂျစ်တယ်စနစ်များကို အသုံးပြု၍ စောင့်ကြည့်စစ်ဆေးလျက် ရှိသည်။
အဆိုပါ လုပ်ငန်းစဉ်များတွင် ဆီသိုလှောင်ကန်များ၌ အလို အလျောက် ဆီပမာဏတိုင်းတာသည့် Automatic Tank Gauge (ATG) စနစ်များ တပ်ဆင်ခြင်း၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်များတွင် GPS လမ်းကြောင်းခြေရာခံစနစ်များ အသုံးပြုခြင်း၊ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်များ ကျင့်သုံးခြင်းနှင့် အချိန်နှင့်တပြေးညီ (real-time) စောင့်ကြည့်စစ်ဆေးခြင်းတို့ ပါဝင်သည်။
ဒုတိယဝန်ကြီးက ပြည်သူလူထုအနေဖြင့် စက်သုံးဆီများကို ဈေးကွက်အတွင်း သင့်တင့်မျှတသော စျေးနှုန်းများဖြင့် လုံ လောက်စွာ ဝယ်ယူရရှိနိုင်စေရန်နှင့် ဆီပြတ်လပ်မှု ကောလာဟ လများကြောင့် စိုးရိမ်ပူပန်မှုမရှိစေရန်အတွက် စက်သုံးဆီ ဖြန့်ဖြူးမှုကွင်းဆက်တစ်ခုလုံးကို ဝန်ကြီးဌာနက အနီးကပ် နေ့ စဉ်စောင့်ကြည့် ကြီးကြပ်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN