
(ပြည်တွင်း) ဇွန် ၂၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ နာမည်ဆိုးဖြင့် ကျော် ကြားသော ရွှေကုက္ကိုလ်နယ်မြေ၌ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ဆောက်လုပ်ထားသော ၇ ထပ်လူနေအဆောက်အအုံကြီးတစ်လုံးကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က စနစ်တကျ ထပ်မံဖောက်ခွဲဖြိုချဖျက်ဆီးလိုက်ကြောင်း သိရသည်။
အွန်လိုင်းငွေလိမ်လည်မှုများနှင့် လောင်းကစားဒိုင်များကို အခြေချလုပ်ကိုင်ခွင့်ပြုခဲ့သည့် ရွှေကုက္ကိုလ်နှင့် KK Park နယ် မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီး တိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စက်ပစ္စည်းကိရိယာများအား ဖျက်ဆီးခြင်းလုပ်ငန်းများကို ပူးပေါင်းအဖွဲ့က အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၅ ရက်တွင် ရွှေကုက္ကိုလ်အတွင်းရှိ အဆိုပါ ၇ ထပ်တိုက်ကြီးကို မိုင်းခွဲဖြိုချခဲ့ခြင်းဖြစ်သည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းရာဇဝတ်မှုများအတွက် အသုံးပြုခဲ့သည့် အဆောက်အအုံ စုစုပေါင်း ၇၇ လုံးရှိသည့်အနက် ယာဉ်ယန္တရားကြီးများဖြင့် ဖြိုချမည့် အဆောက် အအုံ ၅၇ လုံးနှင့် ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ ခွဲခြားသတ်မှတ်ထားရာ ယခုဖြိုချမှုသည် ဖောက်ခွဲရန် သတ် မှတ်ထားသည့် အဆောက် အအုံများထဲမှ တစ်လုံးဖြစ်သည်။
လက်ရှိ ဇွန် ၂၅ ရက်အထိ ထုတ်ပြန်ချက်များအရ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၄ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း ပူးပေါင်းအဖွဲ့က ဆိုသည်။ ကျန်ရှိနေသေးသည့် တရားမဝင်အဆောက်အအုံ ၁၃ လုံးကိုလည်း ဥပဒေနှင့်အညီ ဆက်လက်၍ အမြစ်ပြတ် စနစ်တကျ ဖြိုချဖျက် ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN