ပါဝါအိတ်ဇောတပ်ဆင် မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူ

(မှုခင်း) ဇွန် ၁၇

တာချီလိတ်မြို့အတွင်း ပါဝါအိတ်ဇောတပ်ဆင်မောင်းနှင်နေသော မော်တော်ဆိုင်ကယ်များအား အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့တွင် မော်တော်ဆိုင်ကယ် ၅ စီးအားဖမ်းဆီးခဲ့ပြီး အဆိုပါ မော်တော်ဆိုင်ကယ်များကို အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

ထို့ပြင် မြို့တွင်းလမ်းမများပေါ်တွင် အသံဆူညံစွာမောင်းနှင်သည့် ပါဝါအိတ်ဇောတပ်ဆင်ထားသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဆက်လက်၍ ထိရောက်စွာဖမ်းဆီးအရေးယူသွားမည်ဖြစ်သည့်အပြင် ပါဝါအိတ်ဇောများ ရောင်းချဖြန့်ဖြူးနေသည့် ဆိုင်များကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် မြို့တွင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားကောင်းစေရန်နှင့် အများပြည်သူ၏ နေထိုင်မှုဘဝကို ထိခိုက်စေသည့်ဆူညံသံများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။