မုံရွာမြို့တွင် ဆိုင်ကယ်၁၉စီးနဲ့အတူ သူခိုး ၅ ယောက် ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၁၆

မုံရွာမြို့နယ် ရပ်ကွက်အသီးသီးမှ ခိုးယူထားသည့် ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဆိုင်ကယ်ခိုးယူသူ ၅ ဦးကို ဇွန်လ ၁၆ ရက် နံနက်ပိုင်းက မုံရွာမြို့မရဲစခန်း ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုမှာ မုံရွာမြို့အတွင်း မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထန်းတောအောင်ရတနာရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ ခိုးရာပါဆိုင်ကယ်များ လက်ခံထားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာ ဆိုင်ကယ်ခိုးသူ ၃ ဦးနှင့် လက်ခံသူ ၂ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး ခိုးရာပါဆိုင်ကယ် ၁၉ စီးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် သံသယရှိသူများကို ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးလျက်ရှိပြီး သိမ်းဆည်းရမိသည့် ဆိုင်ကယ်များအနက် ပိုင်ရှင် ၄ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၇ ရက်‌နေ့ကလည်း မုံရွာမြို့ နေရာအနှံ့မှ ခိုးယူထားသည့် ဆိုင်ကယ် ၄ စီးနှင့်အတူ ဆိုင်ကယ်ခိုးယူသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။