ဂါဇာကမ်းမြောင်ဒေသ၏ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ရန် အစ္စရေးစစ်တပ်ကို နေတန်ယာဟု ညွှန်ကြား

(နိုင်ငံတကာ)မေ ၂၉

     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်း မြောင်ဒေသအတွင်း စစ်တပ်၏ နယ်မြေထိန်းချုပ်မှုကို လက်ရှိ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ညွှန်ကြားထားကြောင်း အစ္စရေးရုပ်သံလိုင်း ‘Channel 12’ က ထုတ်လွှင့်ပြသခဲ့သည့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

     နေတန်ယာဟုက “လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်နယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါပြီ… ကျွန်တော့်ရဲ့ ညွှန်ကြားချက်ကတော့ ၇၀ ရာခိုင် နှုန်းအထိ ရောက်ရှိဖို့ ဖြစ်ပါတယ်” ဟု အများပြည်သူသို့ ပြောကြားခဲ့သည်။ ထိုသို့ပြောကြားစဉ် ပရိသတ်ထဲမှ တစ်ဦးက ဂါဇာနယ်မြေတစ်ခုလုံးကို သိမ်း ပိုက်သင့်ကြောင်း အော်ဟစ်တောင်းဆိုခဲ့ရာ၊ နေတန်ယာဟုက နယ်မြေတစ်ခုလုံး အလုံးစုံသိမ်းပိုက်မည့် အစီအစဉ်အပေါ် ငြင်းဆိုခြင်းမရှိဘဲ “ကျွန်တော်တို့ အစီ အစဉ်အတိုင်း သွားနေတာပါ။ ပထမဆုံး ၇၀ ရာခိုင်နှုန်းပေါ့၊ အဲဒါနဲ့ အရင်စမယ်” ဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ‘The Times of Israel’ သတင်းစာက ဖော်ပြသည်။

     အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက် တိုဘာလက အမေရိကန်ကြားဝင်စေ့စပ်ပေးခဲ့သည့် “အပစ်အခတ်ရပ်စဲရေး မျဉ်းဝါ” (Yellow Line) သဘောတူညီချက်ကို ကျော်လွန် ၍ ပါလက်စတိုင်းနယ်မြေ၏ ၆၄ ရာခိုင် နှုန်းအထိ တိတ်တဆိတ် တိုးချဲ့ထိန်းချုပ်ထားပြီး ဖြစ် သည်။

     အစ္စရေးစစ်တပ်၏ သိမ်းပိုက်ထားမှုကြောင့် ပါလက်စတိုင်း ပြည်သူများသည် ဂါဇာနယ်မြေ၏ သုံးပုံနှစ်ပုံခန့်ကို သွားရောက်နိုင်ခြင်း မရှိတော့ပေ။ စစ်ပွဲဒဏ်ကို နှစ်နှစ်နီးပါး ခံစားနေရပြီး အန္တရာယ်ဆိုးကျိုးများနှင့် ရင်ဆိုင်နေရသည့် ပါလက်စတိုင်းပြည်သူ နှစ်သန်းကို နယ်မြေထပ်မံသိမ်းပိုက်မှုက ယခုထက် ပိုမိုကျဉ်း မြောင်းသော နေရာငယ်လေးအတွင်းသို့ အဓမ္မတိုးဝှေ့ နေထိုင်စေရန် ဖိအားပေးသကဲ့သို့ ဖြစ်လာစေမည်ဖြစ်သည်။

      လွန်ခဲ့သည့်နှစ်က အမည်ခံအပစ်ရပ်စဲရေး ရရှိခဲ့သော် လည်း ဂါဇာအပေါ် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများသည် နေ့စဉ် ရက်ဆက်နီးပါး ဆက်လက်ဖြစ်ပွားနေသည်။ အောက်တိုဘာလမှ ဧပြီလအထိ ‘အယ်လ်ဂျာဇီးရား’ ၏ ရေ တွက်ချက်မှုအရ အစ္စရေးဘက်က ချိုးဖောက်မှု အနည်းဆုံး ၂,၄၀၀ ကြိမ် ရှိခဲ့သည်။ ကြာသပတေးနေ့ အစောပိုင်းကလည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

     ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ထုတ်ပြန်ချက်အရ ဂါဇာရှိ အရပ်သားများ သည် သန့်ရှင်းသောရေ ပြတ်လပ်မှု၊ အမှိုက်သိမ်းစနစ်ပျက်စီးမှုနှင့် ပိုးမွှားထူထပ်မှုတို့ကြောင့် ကျန်းမာ ရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

     ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစတင်ခဲ့သော ယခုစစ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၇၂,၇၇၅ ဦးထက်မက သေဆုံးခဲ့ရပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့ကတည်းက ဂါဇာအပေါ် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုမြန်ဆန်လာကြောင်း စောင့်ကြည့်လေ့ လာရေးအဖွဲ့များက ထောက်ပြထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN