မူဆယ်မြို့တွင် အွန်းလိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်သူ လူ ၄၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

(မှုခင်း) မေ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေလ၁၇ရက်နေ့ ညနေ ၄နာရီ ၁၅မိနစ်အချိန်တွင် မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို လုံခြုံရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်ရှင်းလင်းစစ်ဆေးရာ တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၃၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုနှင့်အတူ ဖုန်း ၁၅၅ လုံး၊ All In One ကွန်ပျူတာ ၃၀ လုံး၊ တရုတ်ငွေ ယွမ် ၁၀၀၀၀၊ မြန်မာငွေ ၁၀ သိန်းနှင့် Crown အမျိုးအစား မော်တော်ယာဉ် ၂ စီးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရပီးမြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ အခြေမပြုနိုင်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများ ပူးပေါင်းကာ ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၅နာရီ ခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ၄ဦးအား ဖုန်းမျိုးစုံ ၉၅ လုံး၊ Laptop ၁လုံး၊ Wifi စက် ၂လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိ သူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေ များနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ထို့နောက် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။