
(နိုင်ငံတကာ)မေ ၁၆
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုလမ်း ကြောင်းများ ပြတ်တောက်လုနီးပါး ဖြစ်နေစဉ်၊ ယူအေအီး (UAE) နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ရှောင်ကွင်း၍ ရေနံစိမ်းတင်ပို့နိုင်မည့် ရေနံပိုက်လိုင်းအသစ် စီမံကိန်းကို အရှိန်မြှင့် လုပ် ဆောင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
အဘူဒါဘီ အမျိုးသားရေနံကုမ္ပဏီ (ADNOC)၏ သောကြာနေ့ အမှုဆောင်အစည်းအဝေးတွင် အဘူဒါဘီအိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက် ဘင် ဇာယက်က ကမ္ဘာ့စွမ်းအင် လိုအပ်ချက်များကို ဖြည့် ဆည်းပေးရန်နှင့် တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ရန်အတွက် “အနောက်-အရှေ့ ပိုက်လိုင်းစီမံကိန်း” (West-East Pipeline project)ကို အရှိန်မြှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း အတည် ပြုခဲ့သည်။ အစိုးရမီဒီယာရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါပိုက်လိုင်းသစ်ကို လာမည့် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် လျာထားသည်။
ဤပိုက်လိုင်းအသစ် ပြီးစီးပါက ယူအေအီးနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းရှိ ဖူဂျိုင်ရာ(Fujairah) ဆိပ် ကမ်းမြို့မှတစ်ဆင့် ကမ္ဘာ့စျေးကွက်သို့ ရေနံတင်ပို့နိုင်စွမ်းကို လက်ရှိထက် နှစ်ဆအထိ တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက် ကြားကို အီရန် ဘက်က ရေကြောင်းပိတ်ဆို့မှုများ ပြုလုပ်ထားခြင်း၊ စွမ်း အင်အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရခြင်းတို့ကြောင့် ပင်လယ်ကွေ့နိုင်ငံများသည် အခြားရွေးချယ်စရာ ကုန်သွယ်ရေးလမ်း ကြောင်းများကို မဖြစ်မနေ ရှာဖွေရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
ယူအေအီးတွင် လက်ရှိ၌ ဟာဘတ်ရှန်ရေနံမြေမှ ဖူဂျိုင်ရာဆိပ်ကမ်းအထိ သွယ်တန်းထားသည့် ၃၈၀ ကီလိုမီတာရှည် “အဘူဒါဘီ ရေနံစိမ်းပိုက်လိုင်း” (ADCOP)ရှိပြီး တစ်ရက်လျှင် ရေနံစည် ၁.၅ သန်း တင်ပို့လျက်ရှိသည်။ သို့သော် အဆိုပါ ဖူဂျိုင်ရာဆိပ်ကမ်းမှာလည်း မကြာသေးမီက တိုက်ခိုက်မှုအချို့နှင့် ရင် ဆိုင်ခဲ့ရသည်။
ဆော်ဒီနိုင်ငံတွင်လည်း အီရန်စစ်ပွဲဒဏ် သက် ရောက်မှုနည်းပါးသည့် ပင်လယ်နီဘက်သို့ သွယ်တန်းထားသော ၁,၂၀၀ ကီလိုမီတာရှည် အရှေ့-အနောက် ပိုက်လိုင်း (East-West pipeline) ရှိပြီး ၎င်းကို နိုင်ငံ၏ “critical lifeline” (အရေးပါသော အသက်သွေးကြော) အဖြစ် အသုံးပြုနေရသည်။
အိုမန်နိုင်ငံသည် ရေလက်ကြားပြင်ပတွင် ကမ်းရိုး တန်းရှိသော်လည်း ကူဝိတ်၊ အီရတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့မှာမူ ၎င်းတို့၏ ရေနံတင်ပို့မှုအတွက် ဟော်မုဇ်ရေလက်ကြားကိုသာ လုံးဝနီးပါး မှီခိုနေရဆဲ ဖြစ် သည်။
ယူအေအီးနိုင်ငံသည် ပြီးခဲ့သည့်လက ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) မှ နှုတ်ထွက်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။ အစိုးရဘက်က ယင်းလုပ်ရပ်သည် ကာလရှည် မဟာဗျူဟာမြောက် စီးပွားရေးမျှော်မှန်းချက်နှင့် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်ရန် ဖြစ်ကြောင်း ဆိုသော်လည်း၊ အမှန်တကယ်တွင် အိုပက်၏ ထုတ်လုပ်မှုကန့်သတ် ချက်ဘောင်များမှ ရုန်းထွက်ကာ ယခုကဲ့သို့ ပိုက်လိုင်းအသစ်များမှတစ်ဆင့် ရေနံကို စိတ်ကြိုက်တိုးမြှင့်ထုတ်လုပ် ရောင်းချနိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
#UAEOil #StraitOfHormuz #ADNOC #EnergyCrisis #MiddleEastConflict #PositiveAngleNews #BreakingNews #GlobalEnergy
Telegram»…
https://t.me/positiveanglenews
#PAN