ကမာရွတ်မြို့နယ်တွင် ကျောင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့် စျေးစနစ်တကျရောင်းချရေး တွေ့ဆုံဆွေးနွေး

(ပြည်တွင်း) မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်၌ ကျောင်းဝင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စျေးစနစ်တကျရောင်းချရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြု့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုသင်းနှင့်အဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ် အမက(၁၅) ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၏ အကူအညီတောင်းခံချက်အရ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံမှုဖြင့် မြို့နယ်ရုံး၊ လမ်းတံတား၊ ပန်းဥယျာဉ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနများမှ စုစုပေါင်းဝန်ထမ်း (၂၇) ဦးဖြင့် ကျောင်းဝင်းအတွင်း အမှိုက်ရှင်းလင်းခြင်း၊ ရေမြောင်းဆယ်ယူခြင်းနှင့် အပင်အောက်ခြေများရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နေ့လယ် ၁ နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းသန်းက ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ထန်တပင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဓမ္မာရုံ၌ လှည်းတန်းဈေး (ပေ ၅၀ လမ်း) မှ စျေးသူစျေးသားများ၊ အိမ်ရှင်များနှင့် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လှည်းတန်းစျေး(ပေ ၅၀)လမ်းရှိ စျေးသူစျေးသားများ အိမ်ရှင်များ မိဘပြည်သူများနှင့်တွေ့ဆုံ၍ လမ်းအတွင်းစျေးရောင်းချနေသော စျေးသူစျေးသားများအား စည်းကမ်းစနစ်တကျရောင်းချရေး ကားအဝင်အထွက်ကောင်းစေရေးအတွက် လမ်းပိတ်မရောင်းချစေရေး အိမ်ရှင်များမှလည်း ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကမာရွတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဦးဇော်ဝင်းကလည်း စျေးသူစျေးသားများအနေဖြင့် စည်းကမ်းတကျ ရောင်းချရေးနှင့် လမ်းပိတ်မဖြစ်စေရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လှည်းတန်းဈေးမှ စျေးသူစျေးသားများ အပါအဝင် လူဦးရေ ၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

#PAN