ယူအေအီးနိုင်ငံကို အီရန်က ဒုံးကျည်နှင့် ဒရုန်းများဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်၊ အီရန်ဘက်ကမူ စွပ်စွဲချက်များကို ငြင်းဆို

(နိုင်ငံတကာ)မေ ၆

    ​​ ယူအေအီးနိုင်ငံ (UAE) သည် အီရန်နိုင်ငံဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်နှင့် ဒရုန်းများဖြင့် နှစ်ရက် ဆက်တိုက် တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ သို့သော်လည်း အီရန်စစ်ဘက်ကမူ ဤတိုက်ခိုက်မှုများတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြတ် ပြတ်သားသား ငြင်းဆိုထားသည်။

     ယူအေအီးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ မေလ ၄ ရက် (တနင်္လာနေ့)တွင် အီရန်သည် ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နှင့် ဒရုန်းအစရှိသည့် လက် နက်မျိုးစုံဖြင့် ပထမအကျော့ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဖူဂျိုင်ရာ(Fujairah) ရေနံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံ သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ မေလ ၅ ရက် (အင်္ဂါနေ့) တွင်လည်း ဒုတိယအကျော့အဖြစ် ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း သိရသော်လည်း ဒုတိယအကြိမ်တိုက်ခိုက်မှု၏ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

​      အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)က “ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူအေအီးအပေါ် ဘယ်လိုဒုံးကျည် ဒါမှမဟုတ် ဒရုန်းစစ်ဆင်ရေးမှ လုပ် ဆောင်ခဲ့ခြင်းမရှိဘူး” ဟု တရားဝင်ငြင်းဆိုခဲ့သည်။ အကယ်၍ ၎င်းတို့အနေဖြင့် စစ်ရေးအရ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ပါကလည်း တရားဝင်ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်းနှင့် ယူအေအီး၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း တုံ့ပြန်ထားသည်။ ထို့ပြင် အီရန်အပေါ် တိုက်ခိုက်မှုများသည် ယူအေအီးမြေပေါ်မှ မြစ်ဖျားခံလာပါက ပြင်းထန်စွာ လက်တုံ့ပြန်မည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

​     ယခုကဲ့သို့ တိုက်ခိုက်မှုများသည် အမေရိကန်က ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို လမ်းပြရန် “Project Freedom” စီမံချက်ကို စတင်လိုက်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အပြန်အလှန် ပစ် ခတ်မှုများရှိနေသော်လည်း အီရန်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းမရှိသေးကြောင်း ဝါရှင်တန်က ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်သ်က ကုန်သွယ်ရေးသင်္ဘောများကို အကာအကွယ်ပေးသည့် စစ်ဆင်ရေးမှာ ယာယီသာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့များသည် အီရန်ရေပိုင်နက် သို့မဟုတ် ဝေဟင်ပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်းမရှိဟု ဆိုသည်။

     ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ချုပ်ဆိုထားသည့် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ယခုဖြစ်စဉ်များကြောင့် အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ အပစ်ရပ်ရေးမှာ ပျက် ပြားသွားခြင်းမရှိသေးကြောင်း ပြောကြားထားသည်။

     လက်ရှိတွင် တိုက်ခိုက်မှုများကြောင့် ယူအေအီးသည် ၎င်း၏လေပိုင်နက်ကို မေလ ၄ ရက်မှ ၁၁ ရက်အထိ တစ်ပတ်ကြာ ခေတ္တပိတ်ထားပြီး လုံခြုံရေးကို အမြင့်ဆုံးအဆင့် တိုးမြှင့်ထားကြောင်း သိရသည်။

​#UAE #Iran #MissileAttack #StraitOfHormuz #BreakingNews #PositiveAngleNews #MiddleEastConflict #OilCrisis

Telegram»…
https://t.me/positiveanglenews

#PAN