(မှုခင်း)ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်း ကစားမှုလုပ်ငန်းများ လုပ်ဆောင်နေသူများအား အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

ယနေ့ နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်၊တော်ကော့(တွင်း)ရပ်၊ လိုမာဟိုတယ်အနီး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ မြန်မာနိုင်ငံသားအမျိုးသမီး ၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင်အသုံးပြုသည့် All In One Computer ၃ လုံး၊ Laptop ၁၃ လုံး၊ ဖုန်းမျိုးစုံ ၃၂၀ လုံး၊Tablet မျိုးစုံ ၁၀၈ လုံး၊ Printer ၁ လုံး၊ Wifi စက် ၆ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ ရပ်ကွက်အတွင်း နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ တရုတ်နိုင်ငံသား ထိုင်ဝမ်လူမျိုးအမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး နှင့် အမျိုးသမီး ၇ ဦး တို့ကိုအွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All In OneComputer ၂၃ လုံး၊ မော်နီတာ ၁ လုံး၊ SYSTEM ပုံး ၁ လုံး၊ ဖုန်းမျိုးစုံ ၅၂ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သောကြောင့် တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့်လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း ၅၂ ဦးနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသော တရားမဝင်အွန်လိုင်းလောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်း များနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။





#PAN