မိုးထစ်ချုန်း၊ မိုးကြိုးပစ်နှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသသတိပေးချက် ထုတ်ပြန်

(မိုးဇလ) ဧပြီ ၂၄

နေပြည်တော် — မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရ နေရာအချို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများ၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဆိုင်ရာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

မိုးတိမ်တောင်များသည် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် အထက်ပါ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးလေဝသအပြောင်းအလဲများကို ကြိုတင်သတိပြု၍ လုံခြုံရေးဆိုင်ရာ အချက်များကို လိုက်နာဆောင်ရွက်ကြရန် အကြံပြုထားသည်။
ထို့ပြင် မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခြောက်ပေခန့် ရှိနိုင်ကြောင်း သိရသည်။