နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မြို့မစျေးသို့ ကွင်းဆင်းကြည့်ရှု

(ပြည်တွင်း) ဧပြီ ၂၄

နောင်ချိုမြို့နယ် တွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က မြို့နယ်အတွင်းရှိ မြို့မစျေး သို့ လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုမှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်အောင်သန်း၊ ဦးသီဟလှိုင်နှင့် ဒေါ်ခိုင်သန္တာထွေးတို့အပြင် မြို့နယ်ပါတီအကြီးအကဲများလည်း ပါဝင်ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးသူရနှင့် မြို့မစျေး ကြီးကြပ်ရေးကော်မတီဝင်များက စျေးအတွင်းနှင့် အပြင်ရှိ အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းကာ စျေး၏ သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျ စျေးဆိုင်တန်းခင်းကျင်းမှုများနှင့် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။