အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျမှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံး

(နိုင်ငံတကာ) ဧပြီ ၂၁

     ​အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသတွင် လူအမြောက်အမြား တင်ဆောင်လာသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် လမ်းချော်ကာ ကျောက် ဆောင်များထူထပ်ပြီး မတ်စောက်သော တောင်စောင်းမှတစ်ဆင့် ချောက်ထဲသို့ လိမ့်ကျသွားခဲ့သဖြင့် အနည်း ဆုံး လူ ၂၁ ဦး သေဆုံးခဲ့သည်။

     Kashmir News Service (KNS) ၏ ဖော်ပြချက်အရ အဆိုပါ မတော်တဆမှုသည် တနင်္လာနေ့ နံနက် ၈ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် နံနက် ၃ နာရီ) ခန့်တွင် ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်နယ်၊ အူဟန်ပူ (Udhampur) ခရိုင်ရှိ ကနုတ် (Kanote) ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

     တောင်ထူထပ်သော ဒေသရှိ အကွေ့အကောက်များသော လမ်းတွင် ယာဉ်မောင်းသည် ကားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လမ်းပေါ်မှ ချော်ထွက်ကာ ပေ ၁၀၀ ခန့် (မီတာ ၃၀) နက်သော ချောက်ထဲသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

     အေပီသတင်းဌာန၏ ဖော်ပြချက်အရ အူဟန်ပူခရိုင် ဒုတိယကော်မရှင်နာ ရှာဟစ် အစ္စဘတ်ဆင်း (Shahid Iqbal Singh) က ခရီးသည် ၁၉ ဦးမှာ အခင်း ဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ အခြားခရီးသည် ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ စိုးရိမ်ရသည့် အခြေ အနေတွင်ရှိကာ လက်ရှိတွင် ကျန်းမာရေးဌာနအသီး သီး၌ ဆေးကုသမှု ခံယူနေရသည်။

     KNS သတင်းဌာနက ကိုးကားဖော်ပြချက်အရ ရမ်နာဂါ (Ramnagar) မြို့နယ်ခွဲဆေးရုံမှ ကျန်းမာရေးအရာရှိတစ်ဦးက သေဆုံးသူအများစုမှာ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မှုနှင့် ကိုယ်တွင်းသွေးယိုစီးမှုတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

     အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက အဆိုပါ မတော် တဆမှုအပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီး သေဆုံးသူများ၏ မိသားစုများအတွက် ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

     “မိသားစုဝင်တွေ၊ ချစ်ခင်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ်။ ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း ဆုတောင်းပေးပါတယ်” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး နှစ်စဉ် လူပေါင်းသိန်းနှင့်ချီ၍ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပွားလျက်ရှိသည်။ မတော်တဆမှု အများစုမှာ မဆင်မခြင် မောင်းနှင်ခြင်း၊ လမ်းမများ ကောင်းမွန်စွာ ထိန်းသိမ်းထားမှု မရှိခြင်းနှင့် မော်တော် ယာဉ်များ ဟောင်းနွမ်းနေခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

​#Kashmir #BusAccident #IndiaNews #RoadSafety #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN