(ပြည်တွင်း) ဧပြီ ၂၀
ဝိုင်းမော်မြို့နယ်အတွင်း ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသည့် ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး၊ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်၊ အောင်မင်္ဂလာဘုန်းကြီးကျောင်း၊ ခတ်ချိုကျေးရွာရှိ စခန်း (၅) ခု၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ မျိုးရှယာယီတိမ်းရှောင်စခန်းနှင့် ဆွေမျိုးများနေအိမ်ခြံဝင်းများတွင် ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု စုစုပေါင်း (၄၈၅) စုအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ဆန် (၈) ပြည်နှုန်းဖြင့် စုစုပေါင်း ဆန် (၂၄) ပြည်ပါအိတ် (၁၆၂) အိတ်နှင့် ဆီပိဿာ (၁၆၂) ပိဿာတို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စခန်းတာဝန်ခံတစ်ဦးက ယာယီတိမ်းရှောင်မိသားစုများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်းရှောင်မိသားစုများအတွက် မိုးမကျမီ အမိုး၊ အကာ၊ အခင်းများဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး မိသားစုများအနေဖြင့် နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရအဖွဲ့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံတွင် ကျင်းပသည့် ကက်သလစ်အသင်းတော် မြစ်ကြီးနားဘုန်းတော်ကြီးတပိုင် လူငယ်ကော်မတီများမှ ကြီးမှူးကျင်းပသော လူငယ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ပွဲစဉ်ကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် မြို့တွင်းနှင့် ကချင်စု အမျိုးသားဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ချီးမြှင့်ငွေများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#PAN