တပ်ကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း)ဧပြီ ၆

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မိုင်တိုင်အမှတ်(၇/၀)အနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဥ်များအား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့ ညနေ၅နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူယာဥ်များအားစစ်ဆေးရာမှ ခွန်ထွန်းချစ် မောင်းနှင်ပြီး ခွန်ငြိမ်းချမ်း နှင့် ခွန်နေဝင်းထွန်း တို့လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်နှင့် ကိုလင်း မောင်းနှင်ပြီး ခွန်မောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀၀)နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ ခွန်ထွန်းချစ်(၂၀)နှစ်၊ ခွန်ငြိမ်းချမ်း(၂၀)နှစ်၊ ခွန်နေဝင်းထွန်း(၂၀)နှစ်၊ ကိုလင်း(၂၈)နှစ် နှင့် ခွန်မောင်(၂၂)နှစ်တို့အား တပ်ကုန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။