
(မှုခင်း) မတ် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ်လ ၂၈ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေစဉ် တောင်ကြီးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် ယာဉ်ပေါ်ပါ ခရီးသည် မမြင့်မြင့်ထွေး (၂၆) နှင့် မစုစုဝင်း (၄၅) တို့ထံမှ ဘိန်းစိမ်း ၂.၈ ကီလိုဂရမ် (ဒေသကာလတန်ဖိုး ကျပ် ၂၅.၂ သိန်းခန့်) နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၇၀၀ ပြား (တန်ဖိုး ကျပ် ၁၇၅.၅ သိန်းခန့်) အပြင် လက်ကိုင်ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar မှ ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မမြင့်မြင့်ထွေး (၂၆) နှစ်နှင့် မစုစုဝင်း (၄၆) နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။