- ဆီသုံးစွဲမှုလျှော့ချပြီး ကုန်ကျစရိတ်သက်သာမည်
(ပြည်တွင်း) မတ် ၂၅
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်စေရန် ရည်ရွယ်၍ ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို အသုံးပြုသည့် ရထားပြေးဆွဲမှုကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ဘူတာကြီး အမှတ်(၁)စင်္ကြံတွင် ကျင်းပခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
မီးရထားက လက်ရှိမြင်းကောင်ရေ (၁၃၀၀)အားဒီဇယ်လျှပ်စစ်စက်ခေါင်း(၆)ခေါင်းကို မြင်းကောင်ရေ(၁၆၀၀)အား ဘက်ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး အလားတူယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်လည်း ဘက်ထရီလျှပ်စစ်စက်ခေါင်း (၆)ခေါင်း စုစုပေါင်း(၁၂)ခေါင်းကို ထုတ်လုပ်သွားမည်ဖြစ်သည်။
ထုတ်လုပ်ပြီးဖြစ်သည့် ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် လေအေးပေးစက်ပါ လေအိတ်အထူးအမြန်ရထားဖြင့် ၂၂.၁၁.၂၀၂၅ ရက်နေ့မှစတင်၍လည်းကောင်း၊ ပြင်ဦးလွင်ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားတွင် ၁၉.၁၂.၂၀၂၅ရက်နေ့မှစတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ပြီး ယနေ့မှစတင်၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်း(၁)ခေါင်းကို လူစီးတွဲ(၄)တွဲနှင့် ဘရိတ်တွဲ(၁)တွဲချိတ်ဆက်အသုံးပြု၍ ရန်ကုန်-တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ ပတ်ခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်သည်။
ဘက်ထရီစက်ခေါင်းအသုံးပြုခြင်းကြောင့် တစ်ရက်လျှင် ကျပ်ငွေ ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်မှာဖြစ်ပြီး တစ်လလျှင် ကျပ်ငွေ ၁၈ သန်းကျော် ကုန်ကျစရိတ် သက်သာနိုင်မှာဖြစ်ကာ ဒီဇယ်ဆီ တစ်လလျှင် ၁၉၈၀ ဂါလံခန့် လျှော့ချသုံးစွဲနိုင်ကြောင်း သိရသည်။
ဘက်ထရီစွမ်းအင်သုံး စက်ခေါင်းများ အသုံးပြုခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ခြင်း၊
အသံဆူညံမှု နည်းပါးလာခြင်း၊
သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းရန်လိုအပ်မှု လျှော့ချနိုင်ခြင်းတို့ကဲ့သို့ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
ယခုလို ဘက်ထရီလျှပ်စစ်စက်ခေါင်းများနှင့် ရထားတွဲများကို တဖြည်းဖြည်း အစားထိုးအသုံးပြုလာခြင်းသည် စက်သုံးဆီအခက်အခဲကို လျှော့ချနိုင်သလို နိုင်ငံတစ်ဝန်း ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးတက်လာရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။







#PAN