
(နိုင်ငံတကာ) မတ် ၂၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို နှစ်ရက်အတွင်း အပြည့်အဝ ပြန်လည်မဖွင့်ပေးဘူးဆိုရင် အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို “အမြစ်ပြတ်ချေမှုန်းပစ်မယ်” လို့ ခြိမ်းခြောက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အစ္စရေးကလည်း အီရန်မြို့တော် တီဟီရန်ကို တိုက် ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီး မြို့အရှေ့ပိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
အခြားတစ်ဖက်မှာတော့ အီရန်ရဲ့ အစ္စရေးနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး၊ အစ္စရေးရဲ့ နျူကလီးယားစက်ရုံအနီးရှိ မြို့တွေကို အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ အာရတ်ဒ် (Arad) နဲ့ ဒီမိုနာ (Dimona) မြို့တွေကို ထိမှန်ခဲ့ပြီးနောက် “ကျွန်ုပ်တို့ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ရာမှာ အစ္စရေးအတွက် အလွန်ခက်ခဲတဲ့ ညတစ်ညဖြစ်ခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား စစ်ပွဲ ၂၃ ရက်မြောက်နေ့သို့ ရောက်ရှိလာချိန်မှာ ဖြစ်ပွားခဲ့နာတွေကို လေ့လာကြည့်နိုင်ပါတယ်။
အီရန်နိုင်ငံအတွင်း နောက်ဆုံးရအခြေအနေများ
အစ္စရေးသည် အစ္စရေးတောင်ပိုင်းသို့ အီရန်၏ ဒုံး ကျည်ဖြင့် တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် တနင်္ဂနွေနေ့တွင် အီရန်မြို့တော် တီဟီရန်ကို တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ပြီး မြို့အရှေ့ပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြီးနောက်၊ အကယ်၍ အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပစ်မှတ်ထားခံရပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတို့နှင့် ဆက်စပ်နေသော စွမ်းအင်အခြေခံအဆောက် အအုံအားလုံးကို ပြန်လည်တိုက်ခိုက်မည်ဟု အီရန်စစ်တပ်က တုံ့ပြန်ခြိမ်းခြောက်ထားသည်။
တီဟီရန်မြို့ကောင်းကင်ယံတွင် အမေရိကန် – အစ္စရေးတို့၏ လက်နက်ကိုင်ဒရုန်းတစ်စင်းအား တိုက် ခိုက်ရေးမလုပ်ဆောင်နိုင်မီ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အီရန်စစ်တပ်က ထုတ်ပြန်ခဲ့သည်ဟု Tasnim သတင်းဌာနက ဖော်ပြသည်။
အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က စနေနေ့တွင် အီရန်လေပိုင်နက်အတွင်း အစ္စရေးတိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းမှာ စစ်ပွဲအတွင်း တတိယအကြိမ်မြောက် ပစ်ချနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် အစ္စရေးဘက်ကမူ ဤဖြစ်စဉ်ကို အတည်မပြုသေးပေ။
အစ္စရေးနှင့် အမေရိကန်တို့သည် စနေနေ့က နာတန့်ဇ် (Natanz) နျူကလီးယားစက်ရုံကို “ရာဇဝတ်မှုမြောက်သော တိုက်ခိုက်မှုများ” ဖြင့် ပစ်မှတ်ထားခဲ့ကြောင်း အီရန်နျူကလီးယားစွမ်းအင်အဖွဲ့က ပြောကြားခဲ့သည်။ တီဟီရန်သည် အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ထံ အကြောင်းကြားခဲ့ပြီး၊ IAEA ကမူ ပုံမှန်မဟုတ်သော ဓာတ်ရောင်ခြည်ယိုစိမ့်မှု မရှိကြောင်း အတည်ပြုခဲ့သည်။
အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က လက်ရှိတွင် အိန္ဒိယနိုင်ငံက သဘာ ပတိအဖြစ် တာဝန်ယူထားသော BRICS မဟာမိတ်အဖွဲ့အား “အီရန်အပေါ် ကျူးကျော်မှုများကို ရပ်တန့်ရန် လွတ်လပ်သော အခန်းကဏ္ဍမှ ပါဝင်ပေးရန်” တောင်းဆိုခဲ့သည်။ ထို့ပြင် အနောက်အာရှနိုင်ငံများအကြား ဒေသတွင်းလုံခြုံရေးမူဘောင်တစ်ခု ထူထောင်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေ ၁,၅၀၀ ကျော်ရှိလာပြီး အနည်းဆုံး လူပေါင်း ၂၀,၉၈၄ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ ၇ ခုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူနာတင်ယာဉ် ၃၆ စီး ပျက်စီးခဲ့ကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ဖော်ပြခဲ့သည်။
ပါရှန်ပင်လယ်ကွေ့ဒေသအတွင်း နောက်ဆုံးရအခြေ အနေများ
အီရန်နိုင်ငံဘက်မှ လွှတ်တင်လိုက်သော ဒရုန်းစင် ၁၆၀ နီးပါးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဆော်ဒီအာရေဗျ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါဒရုန်းအများစုမှာ ဆော်ဒီ၏ စွမ်းအင်ကဏ္ဍဆိုင်ရာ အဆောက်အအုံများနှင့် သယံဇာတများ တည်ရှိရာ အရှေ့ပိုင်းတိုင်းဒေသကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရီယာဒ် (Riyadh) ဒေသသို့ ဘဲလစ်စတစ်ဒုံးကျည် ၃ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့အနက် တစ်စင်းကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကာ ကျန်ဒုံးကျည်များမှာ လူသူမရှိသော နေရာများသို့ ကျရောက်ခဲ့သည်ဟု ဆိုသည်။
ဆော်ဒီအာရေဗျသည် အီရန်စစ်သံမှူးအပါအဝင် သံတမန်အဖွဲ့ဝင်အများအပြားကို “လက်မခံနိုင်သောပုဂ္ဂိုလ်များ” (Persona non grata) အဖြစ် သတ်မှတ်ကာ ၂၄ နာရီအတွင်း တိုင်းပြည်မှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ကာတာနိုင်ငံသည် အလားတူ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ခဲ့သည်။
ဘရိန်းနိုင်ငံတွင်မူ အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ အခြေစိုက်ရာ အာရပ်စော်ဘွားများပြည်နယ် (UAE) ရှိ al-Minhad အခြေစိုက်စခန်းနှင့် ကူဝိတ်နိုင်ငံရှိ Ali al-Salem လေတပ်စခန်းတို့ကို အီရန်က တိုက်ခိုက်ခဲ့သည်ဟု အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ကြေညာခဲ့ပြီးနောက် ဘရိန်းရှိ အမေရိကန်အခြေစိုက်စခန်းများကိုလည်း အီရန်ဒုံးကျည်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ဘရိန်းစစ်တပ်၏ ထုတ်ပြန်ချက်အရ စစ်ပွဲကာလအတွင်း အီရန်ဘက်မှ ပစ်ခတ်သည့် ဒုံးကျည် ၁၄၃ စင်းနှင့် ဒရုန်း ၂၄၂ စင်းတို့ကို ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။
ကာတာကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ ရဟတ်ယာဉ်တစ်စင်းမှာ ပုံမှန်တာဝန်ထမ်းဆောင်နေစဉ် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပင်လယ်ပြင်အတွင်းသို့ ပျက်ကျခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ နောက်ဆုံးရအခြေအနေများ
သမ္မတ ထရမ့်သည် Truth Social လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် အီရန်၏ စွမ်းအင်ကဏ္ဍဆိုင်ရာ နေရာများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းက “အကယ်၍ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို အခုအချိန်ကစပြီး ၄၈ နာရီအတွင်း ခြိမ်းခြောက်မှုကင်းကင်းနဲ့ အပြည့်အဝ ပြန်မဖွင့်ပေးဘူးဆိုရင်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးကို အကြီးဆုံးတစ်ခုကနေ စတင်ပြီး အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်” ဟု ရေးသားခဲ့သည်။
ထရမ့်က အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲတွင် အမေရိကန်သည် “သတ်မှတ်ထားသည့် အချိန်ဇယားထက် သီတင်းပတ်ပေါင်းများစွာ စော၍ အောင်မြင်နေသည်” ဟု ဆိုကာ ဝါရှင်တန်အနေဖြင့် အီရန်နှင့် မည်သည့်သဘောတူညီချက်မျိုးကိုမျှ ပြုလုပ်ရန် စဉ်းစားနေခြင်းမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အကြောင်းမှာ “သူတို့ရဲ့ ခေါင်းဆောင်မှု ယန္တရား ပျက်စီးသွားပြီ၊ ရေတပ်နဲ့ လေတပ်လည်း သေဆုံးသွားပြီ၊ သူတို့မှာ ဘာခုခံနိုင်စွမ်းမှ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
အီရန်ဘက်က “သဘောတူညီချက်တစ်ခု လုပ်ချင်နေတယ်” ဟု ထရမ့်က ထပ်ခါတလဲလဲ ပြောဆိုနေသော် လည်း အီရန်ခေါင်းဆောင်များကမူ ထိုသို့သော အစောပိုင်း ပြောဆိုချက်များကို ငြင်းဆိုထားကြသည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ကူပါ (Brad Cooper) က အမေရိကန်စစ်တပ်သည် အီရန်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြေအောက်စခန်းတစ်ခုပေါ်သို့ ပေါင် ၅,၀၀၀ (၂,၂၇၀ ကီလိုဂရမ်) အလေးချိန်ရှိသော ဗုံးအမြောက်အမြားကို ကြဲချခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ မြေအောက်စခန်းသည် သင်္ဘောဖျက်ခရုဇ်ဒုံးကျည်များ၊ ရွေ့လျားဒုံးကျည်ပစ်စင်များနှင့် အခြားစက်ကိရိယာများကို သိုလှောင်ရာနေရာဖြစ်ပြီး ယခုတိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ခြိမ်း ခြောက်နိုင်သည့် အီရန်၏ စွမ်းဆောင်ရည်ကို လျော့ပါးသွားစေခဲ့သည်ဟု ဆိုသည်။
အစ္စရေးနိုင်ငံအတွင်း နောက်ဆုံးရအခြေအနေများ
အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် အစ္စရေးတောင်ပိုင်းရှိ လေကြောင်းကာကွယ်ရေးစနစ်များကို ဖောက်ထွက်နိုင်ခဲ့ပြီး ဒီမိုနာ (Dimona) နှင့် အာရတ်ဒ် (Arad) မြို့များသို့ တိုက်ရိုက်ကျရောက် ထိမှန်ခဲ့ကာ လူပေါင်း ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ၎င်းတို့၏ နောက်ဆုံးအကြိမ် ဒုံးကျည်အမြောက်အမြား ပစ်ခတ်မှုတွင် အာရတ်ဒ်၊ ဒီမိုနာ၊ အီလတ် (Eilat)၊ ဘီယာရှီဗာ (Beersheba) နှင့် ကီယတ်ဂတ် (Kiryat Gat) မြို့များရှိ အစ္စရေးစစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် လုံခြုံရေးဗဟိုဌာနများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သည်ဟု တီဟီရန်က ဆိုသော်လည်း အစ္စရေးဘက်ကမူ သေဆုံးသူမရှိကြောင်း ထုတ်ပြန်ထားသည်။
အစ္စရေးတောင်ပိုင်းသို့ အီရန်၏ တိုက်ခိုက်မှုအပြီးတွင် ဝန်ကြီးချုပ် နေတန်ယာဟုက “လက်ရှိ မြေပြင်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က အစ္စရေးမြို့ ဒီမိုနာတွင် ဒုံးကျည်ကျရောက်ခဲ့သည့် သတင်းများကို သိရှိထားကြောင်းနှင့် နီဂက်ဗ် (Negev) သဲကန္တာရရှိ နျူကလီးယားသုတေသနစင်တာ ပျက်စီးသွားသည့် လက္ခဏာမျိုး မတွေ့ရသေးကြောင်း ပြောကြားခဲ့သည်။
အစ္စရေးပညာရေးဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးရှိ ကျောင်းသင်ခန်းစာများကို တနင်္ဂနွေနှင့် တနင်္လာနေ့များအတွက် ဖျက်သိမ်းလိုက်သည်။ အစ္စရေးပြည် တွင်းလုံခြုံရေးဌာန (Home Front Command) ကလည်း နိုင်ငံတောင်ပိုင်းတွင် လူ ၅၀ ထက်ပိုသော စုဝေးမှုများကို အင်္ဂါနေ့အထိ ပိတ်ပင်ထားသည်။
အစ္စရေးစစ်တပ်သည် သီတင်းပတ်ကုန်ရက်အတွင်း အီရန်နှင့် လက်ဘနွန်ရှိ ဒုံးကျည်ပစ်စင်များ၊ လေကြောင်းကာကွယ်ရေးစနစ်များနှင့် စစ်အခြေစိုက်စခန်းပေါင်း ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက တိုက်ခိုက်မှုအတွင်း လေကြောင်းကာကွယ်ရေးစနစ်များကို အသုံး ပြုခဲ့သော်လည်း အချို့သော ဒုံးကျည်များကို ကြားဖြတ်မဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါဒုံးကျည်များသည် “ထူးခြားခြင်း သို့မဟုတ် မရင်းနှီးသည့်အမျိုးအစား” မဟုတ်သော်လည်း အဘယ်ကြောင့် မဖျက်ဆီးနိုင်ခဲ့သည်ကို စစ်တပ်က စုံစမ်းစစ်ဆေးပြီး “သင်ခန်းစာယူသွားမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စစ်ပွဲစတင်ကတည်းက ဒဏ်ရာရရှိသူ အနည်းဆုံး ၄,၂၉၂ ဦးကို ဆေးရုံများသို့ ပို့ဆောင်ထားရကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
အီရတ်နှင့် လက်ဘနွန်နိုင်ငံတို့ နောက်ဆုံးရအခြေ အနေများ
ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့က လက်ဘနွန်တောင်ပိုင်းတွင် ကင်းလှည့်နေသည့် အစ္စရေးစစ်သည်များကို ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးမြောက်ပိုင်းတွင်လည်း ဟစ်ဇ်ဘိုလာ၏ နောက်ထပ် မော်တာကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး အရန်တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အီရတ်အစ္စလာမ်မစ် ခုခံရေးအဖွဲ့ (Islamic Resist -ance in Iraq) က ပြီးခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်းနှင့် ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အာဘေးလ် (Erbil) လေဆိပ်အနီးတွင် ဒရုန်းသုံးစင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း အနီးနားဝန်းကျင်တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။ အခြားဒရုန်းတစ်စင်းမှာ မြို့တော်ဘဂ္ဂဒက်၏ အနောက် တောင်ဘက်ရှိ အယ်လ်ဆေးယဒါး (al-Sayyidah) အရပ်တွင် ပျက်ကျခဲ့သဖြင့် လူလေးဦး ဒဏ်ရာရရှိခဲ့သည်။
ဟော်မုဇ်ရေလက်ကြား အခြေအနေ
အာရပ်စော်ဘွားများပြည်နယ် (UAE)၊ ဘရိန်း၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ပါရှန်ပင်လယ်ကွေ့အတွင်းရှိ ကုန်သွယ်ရေးသင်္ဘောများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် အီရန်၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုံ့ချခဲ့ကြသည်။
အဆိုပါထုတ်ပြန်ချက်တွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို “လက်တွေ့အားဖြင့် ပိတ်ဆို့ထားခြင်း” (de facto closure) ပြုလုပ်နေသည်ဟု စွပ်စွဲထားပြီး၊ ခြိမ်းခြောက်မှုများ၊ ရေမိုင်းထောင်မှုများအပြင် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။
အမေရိကန်-ဗြိတိန် ပူးတွဲ ဒီယေဂိုဂါစီယာ (Diego Garcia) အခြေစိုက်စခန်း
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အမေရိကန်-ဗြိတိန် ပူးတွဲ ဒီယေဂိုဂါစီယာ အခြေစိုက်စခန်းသို့ အီရန်က ဘဲလစ်စတစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗြိတိန်က စွပ်စွဲပြောကြားခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ကြောင်း ဆိုသည်။
အီရန်အဆင့်မြင့်အရာရှိတစ်ဦးက Al Jazeera သတင်းဌာနသို့ ပြောကြားရာတွင် ဒီယေဂိုဂါစီယာ အခြေစိုက်စခန်း တိုက်ခိုက်ခံရမှုအတွက် အီရန်တွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့သည်။
အီရန်နယ်နိမိတ်မှ ကီလိုမီတာ ၄,၀၀၀ (မိုင်ပေါင်း ၂,၅၀၀) ခန့် ကွာဝေးသော ဒီယေဂိုဂါစီယာ အခြေစိုက်စခန်းသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း “ခုခံကာကွယ်ရေး စစ်ဆင်ရေးများ” အတွက် ဗြိတိန်က အမေရိကန်ကို အသုံးပြုခွင့်ပေးထားသည့် အခြေစိုက်စခန်းနှစ်ခုအနက် တစ်ခုဖြစ်ပါသည်။
(Al Jazeera သတင်းဌာနမှ Yashraj Sharma ၏ ‘Iran war: What’s happening on day 23 of US-Israel attacks?
ကို ဘာသာပြန်ဆိုထားသည်။)
#PositiveAngle #TrumpVsIran #IsraelWar #HormuzStrait #GlobalCrisis2026 #BreakingNews #MiddleEastWar
Telegram»…
https://t.me/positiveanglenews
#PAN