(မှုခင်း) မတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများအား ဖမ်းဆီးရမိကြောင်း သိရသည်။
မတ်လ၂၀ ရက်ညနေပိုင်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကောင်းစံကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာတွင်အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ည ၉ နာရီခွဲအချိန်ခန့်တွင် အဆိုပါဖမ်းဆီးရမိသည့်နေရာ၏ အနောက်ဘက် မီတာ ၁၇ဝဝ ခန့်အကွာသို့ရောက်၌ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးနှင့်ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁ ဦးတို့ကို လည်းကောင်း၊ ဒုတိယဖမ်းဆီးရမိ နေရာ၏မြောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာသို့အရောက်၌ တရုတ်နိုင်ငံသား ၂၆ ဦးတို့ကိုလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူများအားလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

