
(နိုင်ငံတကာ)မတ် ၁၇
အိန္ဒိယနိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုဖြင့် နိုင်ငံခြားသား ခုနှစ်ဦးကို အိန္ဒိယနိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် ယူကရိန်းနိုင်ငံသား ခြောက်ဦးနှင့် အမေရိကန်နိုင်ငံသား တစ်ဦး ပါဝင်သည်။ ၎င်းတို့အား နယူးဒေလီ၊ကိုလ်ကတ္တား နှင့် လက်နောင် မြို့ရှိ လေဆိပ်များတွင် ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
NIA ၏ စုံစမ်းစစ်ဆေးချက်များအရ နိုင်ငံခြားသားများသည် အိန္ဒိယနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ဝင်ရောက်လာခဲ့သော်လည်း တားမြစ်နယ်မြေဖြစ်သည့် မီဇိုရမ်ပြည်နယ် သို့ ခွင့်ပြုမိန့်မရှိဘဲ သွားရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့၍ ထိုမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံကို ဆန့်ကျင်လျက်ရှိသည့် လက်နက်ကိုင်အဖွဲ့များနှင့် အဆက်အသွယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ နိုင်ငံခြားသားများသည် ဥရောပမှ ဒရုန်းများကို တင်သွင်းကာ အဆိုပါ လက်နက်ကိုင်အဖွဲ့များထံ ပို့ဆောင်ပေးခဲ့ကြောင်းလည်း NIA ၏ စစ်ဆေးတွေ့ရှိချက်များတွင် ပါရှိကြောင်းသိရသည်။
ဒေလီမြို့ရှိ ရာဇဝတ်ရုံးက အဆိုပါ ဖမ်းဆီးခံရသူများအား မတ်လ ၂၇ ရက်အထိ ထိန်းသိမ်းထားရှိရန် အမိန့်ချမှတ်ထားပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း Indian Express သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။