အမြန်လမ်းမိုင်တိုင်(၇၆/၀)တွင် အမြန်လမ်းဖြတ်ကူးသူကို EXPRESS ယာဉ်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၇၆/၀)တွင် လမ်းဖြတ်ကူးသူတစ်ဦးကို EXPRESS ယာဉ်တစ်စီးမှ တိုက်မိခဲ့သည့်အတွက် လမ်းဖြတ်ကူးသူသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးကျော်ရဲနိုင် (၂၇)နှစ် မောင်းနှင်လာသော HIGER အမျိုးအစား “ရွှေပြည်တော်” EXPRESS ယာဉ်သည် မတ်လ ၁၆ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်ခန့်က မိုင်တိုင် (၇၆/၀) အရောက်တွင် လမ်းလယ်ကျွန်းဘက်မှ လမ်းဖြတ်ကူးလာသည့် အမျိုးသားတစ်ဦးကို ရုတ်တရက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၉ ဦး စုစုပေါင်း ခရီးသည် ၂၀ ဦး လိုက်ပါလာခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန် ကွဲပျက်ခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည်များတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လမ်းဖြတ်ကူးသူ ဦးစိုးနိုင် (၆၂)နှစ်မှာ သေဆုံးခဲ့ပြီး အုတ်ရှစ်ကုန်း နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ နံနက် ၁ နာရီ ၂၀ မိနစ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အမြန်လမ်းမကြီးပေါ်တွင် ခွင့်ပြုချက်မရှိဘဲ လမ်းဖြတ်ကူးခဲ့ခြင်းနှင့် ပတ်သက်၍ အုတ်ရှစ်ကုန်း အမြန်လမ်းရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၂၆ ဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၅ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြား၌ Express ယာဉ်နှင့် ဆိုင်ကယ်တစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွား တိုက်မိခဲ့သဖြင့် ဆိုင်ကယ်စီးနှင်းလာသူ ဦးမြင့်သန်းပါ သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည့်အတွက် ဦးမြင့်သန်း အား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။