
(မိုး/ဇလ) မတ် ၁၇
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့မှာ မတ်လ ၁၇ ရက်၊ နံနက်ပိုင်း၌ မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါနိုင်တယ်လို့ ဆိုထားပါတယ်။
မိုးရွာသွန်းမယ့်အခြေအနေအရ ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း မှာ နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေကြောင်း သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေ ခန့် ရှိနိုင်ကြောင်း အသိပေးထားပါတယ်။