
(ပြည်တွင်း) မတ် ၁၇
အမျိုးသမီးတစ်ဦးအား တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့် ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ခဲ့သူ မြန်မာနိုင်ငံအတွင်းရှိ တောင်ကိုရီးယားနိုင်ငံသားတစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မကျော့ကေခိုင်က မော်ဒယ်သင်တန်းသူ အမျိုးသမီးတစ်ဦးအား ကမာရွတ်မြို့နယ်ရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်း ဖွင့်လှစ်ထားသူ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) နှင့် မိတ်ဆက်ပေးခဲ့ခြင်းမှ စတင်သည်။
အဆိုပါ ကိုရီးယားအမျိုးသားက ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းပါက ငွေကြေးအကျိုးခံစားခွင့်များ ရရှိမည်ဟု သွေးဆောင်ခဲ့ပြီး သင်တန်းတွင် အလုပ်လုပ်ကိုင်နေသူ နိုဇင်မိုး (ခ) စုဂျင်းက ဘာသာပြန်ပေးခဲ့သည်။
ထို့နောက် ၎င်းအမျိုးသမီးအား အခြားကိုရီးယားအမျိုးသား Mr. Bang Gyeong Cheol နှင့် တွေ့ဆုံစေကာ မင်္ဂလာဆောင်ပုံ ရိုက်ကူးပြီး သုံးရက်ခန့် အတူနေထိုင်စေခဲ့သည်။
ယင်းနောက် Mr. Bang Gyeong Cheol က ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့ပြီး Mr. Hwang Hee Hwan ထံသို့ ငွေကျပ်သိန်း ၆၀၀ ခန့် ပေးချေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သို့သော် Mr. Hwang က အဆိုပါ အမျိုးသမီးအား ငွေကျပ် သိန်း ၂၀ သာ ပေးအပ်ခဲ့ပြီး ကျန်ငွေကို ခေါင်းပုံဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တရားခံများဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan၊ မကျော့ကေခိုင်နှင့် နိုဇင်မိုး (ခ) စုဂျင်းတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေဖြင့် ကမာရွတ်မြို့မရဲစခန်းက အမှုဖွင့် တရားစွဲဆိုခဲ့သည်။
ကမာရွတ်ခရိုင်တရားရုံးက မတ်လ ၁၃ ရက်နေ့တွင် အဆိုပါတရားခံ ၃ ဦးအား ပြစ်ဒဏ်များ ချမှတ်ခဲ့ရာMr. Hwang Hee Hwan (တောင်ကိုရီးယားနိုင်ငံသား) ကို လူကုန်ကူးမှုဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်၊မကျော့ကေခိုင် နှင့် နိုဇင်မိုး (ခ) စုဂျင်း တို့ ၂ ဦးကို လူကုန်ကူးမှုဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။