မန္တလေးတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦးအား ကိုယ်စားလှယ်စိစစ်ပြီး အသိအမှတ်ပြုကဒ်ပြားများ ပေးအပ်

PAN_Mar15


မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအား ကိုယ်စားလှယ်စိစစ်ခြင်းလုပ်ငန်းကို ယနေ့ မတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ထို့ပြင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးနှင့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၆ ဦး တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုယ်စားလှယ်စိစစ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား ကိုယ်စားလှယ်အသိအမှတ်ပြုကဒ်ပြားများနှင့် လည်ဆွဲများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN