(ပြည်တွင်း) မတ် ၁၁

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန (၅၂) ခု၌ မြန်မာစာဘာသာရပ်ဖြေဆိုသူ ဦးရေစုစုပေါင်း (၂၁၂၁၉) ဦး၊ ပျက်ကွက်သူဦးရေ စုစုပေါင်း( ၈၆၆ )ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၀၈%) ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို ခရိုင် (၄) ခရိုင်မှ စာစစ်ဌာန (၅) ခုတွင် ဖြေဆိုသူဦးရေ (၃၄၅)ဦး ရှိပြီး ရာခိုင်နှုန်းအနေဖြင့် (၉၈.၂၉%) ရှိကြောင်း မကွေးတိုင်းပညာရေးမှူးရုံးတာဝန်ရှိသူထံမှ သိရှိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက် နံနက်ပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အမှတ် (၃) နှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာ ဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ကိုစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့် စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုနေသည့်ကာလအတွင်း စာဖြေခန်း အတွင်းအပြင် သန့်ရှင်းရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် အလင်းရောင်လုံလောက်စွာ ရရှိရေးလိုအပ်ကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
#PAN