
(မှုခင်း) မတ်လ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
မတ်လ ၇ ရက်နေ့ ညနေ၄နာရီ၄၀မိနစ် အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရတနာပုံတံတားအနီးတွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် အောင်ဇော်မိုး နှင့် နိုင်လင်း တို့ထံမှ ဘိန်းစိမ်း အလေးချိန် ၁၂.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၈၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ အောင်ဇော်မိုး(၃၂)နှစ် နှင့် နိုင်လင်း(၃၃)နှစ်တို့အား စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။