ဇေယျာသီရိမြို့နယ် ပေါင်းလောင်းမြစ်တွင် အမျိုးသား ၂ ဦး ရေနစ်သေဆုံး

(မှုခင်း) ဖေဖော်ဝါရီ ၂၆

ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စုရှိ ပေါင်းလောင်းမြစ်အတွင်းတွင် ယမန်နေ့က လူငယ်တစ်စုမြစ်ရေလယ်ကျွန်းစုသို့ စက်လှေဖောင်ဖြင့် သွားရောက်ကာ ရေဆော့ကစားခဲ့စဉ် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ၁နာရီခွဲအချိန်ခန့်က လယ်ဝေးမြို့နယ် အမှတ်(၆)ရပ်ကွက်နေ စည်သူ (၁၈)နှစ်နှင့် စိုးလွင် (၄၁)နှစ်တို့ အပါအဝင် အမျိုးသား (၁၈)ဦးခန့်သည် ပေါင်းလောင်းမြစ်ရေလယ်ကျွန်းသို့ သွားရောက်ရေဆော့ကစားစဉ် ကျွန်းအနောက်ဘက်ရေစီးအားပြင်းနေသည့်နေရာကို ရောက်ရှိစဉ် ရေစီးနှင့်အတူ မျှောပါသွားကာ ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုဖြစ်စဉ်အပြီး ၁၄:၀၀ နာရီခန့်တွင် စည်သူ(၁၈)နှစ်အား ရေထဲမှ သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့ပြီး ၁၄:၃၅ နာရီခန့်တွင် စိုးလွင်(၄၁)အား ဆက်လက်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အလောင်းများကို ၁၆:၃၀ နာရီခန့်တွင် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ပြီး သေမှုသေခင်းအမှု ဖွင့်လှစ်၍ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။