
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၄
ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တွေအများအပြားပါဝင်တဲ့ လွှတ်တော်တွေရဲ့အစည်းအဝေးတွေကို လာမယ့် မတ်လ ၁၆ ရက်နေ့က စတင်ခေါ်ယူမယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) ဖေဖော်ဝါရီ ၂၃ ရက်မှာ ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် စတဲ့ လွှတ်တော်သုံးရပ်လုံးမှာ ပြည်ခိုင်ဖြိုးပါတီကလွှတ်တော်ကိုယ်စားလှယ် ၇၃၉ ဦး ပါဝင်ပြီး မတ်လ ၁၆ ရက်နေ့ မနက် ၁ဝ နာရီအချိန်မှာ ပြည်သူ့လွှတ်တော်၊ မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ကျင်းပမှာလို့ ကြေညာထားပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နဲ့ ဇန်နဝါရီ ၂၅ ရက်တွေမှာ အပိုင်း(၃) ခွဲကာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ၁၀၈ နေရာ၊ ပြည်သူ့လွှတ်တော် ၂၃၁ နေရာနဲ့ ပြည်နယ်နဲ့တိုင်ဒေသကြီးလွှတ်တော် ၄၀၀ နေရာ စုစုပေါင်း အမတ်နေရာ ၇၃၉ နေရာရရှိထားပါတယ်။
သမ္မတရွေးချယ်ရေးအတွက် အဓိကကျတဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ် ၃၃၉ ဦး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ အခြားနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၈၁ စုစုပေါင်း ၅၈၆ ဦးပါဝင်နေပါတယ်။
မကြာခင်ခေါ်ယူတော့မယ့် လွှတ်တော်အသီးသီးကနေ လွှတ်တော်နာယကရွေးချယ်တင်မြှောက်တာတွေ နိုင်ငံတော်သမ္မတရွေးချယ်စိစစ်ရေးအဖွဲ့ဖွဲ့စည်းတာတွေ ဒုတိယသမ္မတရွေးချယ်စာတွေအပြင် နိုင်ငံတော် သမ္မတရွေးချယ်တာတွေအထိ လုပ်ဆောင်သွားဖို့ရှိနေပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အစည်းအဝေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ဖိတ်စာလက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လွှတ်တော်အစည်းအဝေး တက်ရောက်ကြဖို့နဲ့ နေပြည်တော်ကိုရောက်ရှိကြောင်း စည်ပင်ဧည့်ရိပ်သာမှာနေထိုင်မယ့် ကိုယ်စားလှယ်တွေအတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဧည့်ရိပ်သာ(၂) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရိပ်သာမှာ တည်းခိုနေထိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ချုပ်မှာ မတ်လ ၁ဝ ရက်(အင်္ဂါနေ့)ထက်မစော၊ မတ်လ ၁၁ ရက်(ဗုဒ္ဓဟူးနေ့)ထက်နောက်မကျစေဘဲ သတင်းပို့ကြရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့တည်းခိုနေထိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ပြည်သူ့လွှတ်တော်ရေးရာဆောင် အိုင် – ၁ (I-1)နဲ့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် အမှတ်(၃) စစ်ကြောရေးနဲ့တည်းခိုရေးစခန်း(ရွာတော်)မှာ အဲဒီနေ့မှာပဲ သတင်းပို့ကြရမယ်လို့ ကြေညာထားပါတယ်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ကြမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရိပ်သာနဲ့ အမှတ်(၃) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း(ရွာတော်)တို့မှာနေထိုင်နိုင်ဖို့ စီစဉ်ထားပြီး တည်းခိုနေထိုင်အဆိုပါနေရာတွေမှာ တည်းခိုနေထိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်မှာရှိတဲ့ အမျိုးသားလွှတ်တော်ရေးရာဆောင် အိုင်-၁၉ (I-19)ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်(ကြာသပတေးနေ့) ထက်မစော၊ မတ်လ ၁၃ ရက် (သောကြာနေ့)ထက်နောက်မကျစေဘဲ သတင်းပို့ကြဖို့ အမျိုးသားလွှတ်တော်ရုံးက ထုတ်ပြန်ထားပါတယ်။
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မတ်လ ၁၄ ရက်(စနေနေ့) ထက်မစော၊ မတ်လ ၁၅ ရက်(တနင်္ဂနွေနေ့ ) ထက်နောက်မကျစေဘဲ သက်ဆိုင်ရာလွှတ်တော်ရုံးအသီးသီးတွေကို သတင်းပို့ကြရမယ်လို့ သက်ဆိုင်ရာ က ထုတ်ပြန်ထားပါတယ်။