အကြမ်းဖက်PDFအဖွဲ့က အရပ်သားပြည်သူ၂ဦးအား ဒလန်ဟု စွတ်စွဲကာ သေနတ်ဖြင့် ပစ်သတ်

(မှုခင်း) ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၁၁ ရက် နေ့တွင် အကြမ်းဖက်PDFအဖွဲ့က အရပ်သားပြည်သူ၂ဦးအား ဒလန်ဟု စွတ်စွဲကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရွှေကျင်မြို့နယ်၊ ဇောတိကျေးရွာနေ ဦးဝင်းထိုက်ဦး(၄၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းထိုက်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 အလားတူ မွန်းလွဲ ၃ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ ပတ္တမြားတောင်ကျေးရွာရှိ မင်္ဂလာဆောင်ပွဲကျင်းပနေသည့် နေအိမ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်သွားခဲ့သဖြင့် မင်္ဂလာဆောင်ပွဲ၌ ရောက်ရှိနေသူများအနက် ပတ္တမြားတောင်ကျေးရွာနေ ဦးမိုးဆန်း(၄၅)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ပြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာနေ ဦးထွန်း(ခ)ထွန်းထွန်းဦး(၄၅)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား ဝက်ထီးကန်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

   အထက်ပါဖြစ်စဉ်များတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။