(မှုခင်း)ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မင်းလှမြို့နယ်၊ မင်းလှ-မင်းဘူးသွားကားလမ်း မိုင်တိုင်အမှတ် ၁၅ မိုင် ၁ ဖာလုံအနီးတွင် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ညောင်ပင်သာကျေးရွာ မင်းလှမြို့၊မကွေးမြို့နယ်၊ မြို့ဟောင်းရပ်ကွက်နေ ဦးလင်းနိုင်(၄၅)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လင်းနိုင်အား မင်းလှမြို့မရဲစခန်း (ပ)၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ တောင်ငူမြို့နယ်၊ နတ်သျှင်နောင်ရပ်ကွက်နေ ဒေါ်မြင့်မြင့်စန်း(၃၇)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မြို့သစ်နယ်မြေရဲစခန်းမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ ဒေါ်မြင့်မြင့်စန်းနှင့်အတူ တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ဒေါ်ဝင်းရီ(၆၀)နှစ်၊ ဒေါ်ချိုမာ(၅၄)နှစ်နှင့် မြို့သစ်မြို့၊ တပင်ရွှေထီးရပ်ကွက်နေ ဒေါ်မြင့်မြင့်မော်(၄၁)နှစ်တို့အား ဖဲရိုက်လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်မြင့်မြင့်စန်း ပါ လေးဦးအား မြို့သစ်နယ်မြေရဲစခန်း (ပ)၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာအဝင် ဇရပ်အရောက်တွင် အဆိုပါဇရပ်အတွင်း ထိုင်နေသည့် ကျိုက္ခမီမြို့နယ်၊ အောင်သုခရပ်ကွက်နေ ဦးကျော်လွင်ဦး (၄၂)နှစ်နှင့် သံဖြူဇရပ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဦးမျိုးမင်းဦး(၄၅)နှစ်တို့အား စစ်ဆေးခဲ့ရာ ၎င်းတို့ နှစ်ဦး ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများအတွင်း နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ထားသည်ကို တွေ့ရှိရပြီး ဦးကျော်လွင်ဦး ဝတ်ဆင်ထားသည့် ဘောင်းဘီ အိတ်ကပ်အတွင်းမှ လောင်းကြေးငွေများ၊ဦးမျိုးမင်းဦး စီးနင်းလာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ လောင်းကြေးငွေများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်လွင်ဦး အား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၂၀/၂၀၂၆၊ မျိုးမင်းဦး အား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၂၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PAN