

(မှုခင်း) ဇန်နဝါရီ ၃၀
ယောက္ခမအိမ်ကို တစ်ဦးတည်း ဆိုင်ကယ်နဲ့သွားတဲ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာက အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ဆိုင်ကယ်အပါအဝင် ရွှေထည်ပစ္စည်းတွေကို လုယက်သွားတဲ့ တရားခံတွေကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဥတ္တရခရိုင်တရားရုံးက သေဒဏ်အပါအဝင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာမှာနေထိုင်တဲ့ မအိအိငြိမ်း (၂၃)နှစ်ဟာ နေအိမ်ကနေ ယောက္ခမဖြစ်သူ နေအိမ်ကို တစ်ဦးတည်းဆိုင်ကယ်နဲ့ ထွက်ခွာသွားခဲ့စဉ် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသမီးရဲ့ ရပ်အလောင်းကိုတော့ ညနေ ၆ နာရီခွဲအချိန်မှာ ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့သာ သားသတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ခြုံတောအတွင်း ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိရပြီး အမျိုးသမီးမောင်းနှင်သွားတဲ့ ဆိုင်ကယ်နဲ့ ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တာကြောင့် တောင်ညို နယ်မြေရဲစခန်း (ပ)အမှတ် ၄၆/၂ဝ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်ခဲ့သူတွေဟာ ဇမ္ဗူသီရိမြို့နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူတွေဖြစ်တယ်ဆိုတာ ဖော်ထုတ်သိရှိရတာကြောင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ကဝမြို့နယ်၊ အင်းမော်ကျေးရွာနေ သိန်းဇော်(ခ)ကိုသိန်း(၄၃)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၇)ရပ်ကွက်နေ သောင်းဝင်းအောင် (ခ) ချစ်ဖူး (၂၃)နှစ်၊ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာနေ အောင်ကိုဦး (ခ) ဘယ်ကြီး (၂၇)နှစ်နှင့် ကဝမြို့နယ်၊ ဝါးတောကျေးရွာနေ နန်းရွှေစင် (ခ) ကုလားမ (၄၁)နှစ်တို့ကို ဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ CANDA 110 ဆိုင်ကယ် တစ်စီးနဲ့အတူ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းမှာ ဇမ္ဗူသီရိမြို့နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ ဒေးဒရဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်ဇော် (ခ) ကိုဇော် (၄၄)နှစ်ကို စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတရားခံတွေရဲ့ ထွက်ဆိုချက်တွေအရ သိန်းဇော်(ခ) ကိုသိန်းနဲ့ သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့ဟာ အခင်းဖြစ်နေ့က အရက်သေစာသောက်စားနေစဉ် မအိအိငြိမ်း မောင်းနှင် လာတဲ့ ဆိုင်ကယ်ကို တွေ့ရှိတာကြောင့် တားဆီးကာ အဓမ္မဝိုင်းဝန်းပြုကျင့်စဉ် မအိအိငြိမ်းက ရုန်းကန်ထွက်ပြေးကာ သစ်သားတုတ်နဲ့ လည်ပင်းနဲ့ ဦးခေါင်းကို ၈ ချက်ခန့်ရိုက်နှက်ခဲ့ရာ သေဆုံး သွားခဲ့တာကြောင့် မအိအိငြိမ်းထံက ရွှေလက်စွပ် ၁ ကွင်း၊ ရွှေနားကပ် ၁ ရံနဲ့ ဆိုင်ကယ်တို့ကို ယူဆောင်ခဲ့ကြောင်းနဲ့ အောင်ကိုဦး(ခ) ဘယ်ကြီး၊ နန်းရွှေစင်(ခ) ကုလားမနဲ့ အောင်ဇော်(ခ) ကိုဇော်တို့ လုယက်ယူဆောင်ခဲ့တဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တို့ကို ရောင်းချ ဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဖော်ထုတ်ရမိတယ်လို့ သိရပါတယ်။
ဖော်ထုတ်ချက်တွေအရ ပစ်မှုကျူးလွန်ခဲ့တဲ့ အဆိုပါ ငါးဦးကို တောင်ညို နယ်မြေရဲစခန်းက ဥတ္တရခရိုင်တရားရုံးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၇၆/ ၃၇၇/ ၃၉၄/ ၃၁၆ အရ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၅ နဲ့ လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြစ်မှုထင်ရှားတာကြောင့် မအိအိငြိမ်းကို အဓမ္မပြုကျင့်ကာ တုတ်နဲ့ ရိုက်သတ်ပြီး နားကပ်၊လက်စွပ်နဲ့ ဆိုင်ကယ်တို့ကို လုယက်ယူဆောင်သွားသူ တရားခံ သိန်းဇော်(ခ) ကိုသိန်းနဲ့ သောင်းဝင်းအောင် (ခ) ချစ်ဖူး တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ကာ သတ်စေရန် (သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် နှစ်(၂၀)(နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် နှစ်(၂၀) (နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ် နှစ် (၂၀) (နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင်ဒဏ် (၁၀)နှစ် (ဆယ်နှစ်)စီ အသီးသီးကျခံစေရန်နဲ့ ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံစေရန်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ်ကို ရောင်းချဖျောက်ဖျက်ရာမှာ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ တရားခံ အောင်ကိုဦး (ခ) ဘယ်ကြီး၊ နန်းရွှေစင် (ခ) ကုလားမ၊ အောင်ဇော် (ခ) ကိုဇော်တို့ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် (၃) နှစ် (သုံးနှစ်)၊ ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ ထောင်ဒဏ် (၆)လ (ခြောက်လ) စီ အသီးသီးကျခံ စေဖို့နဲ့ ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံစေဖို့ အသီးသီး အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။