မြိတ်မြို့မှာ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးစီမံကိန်း မကြာခင်အကောင်အထည်ဖော်မယ်

(စီးပွားရေး) ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနဲ့ ငါးလုပ်ငန်းနဲ့ဆက်စပ်အဆောက် အအုံတွေတည်ဆောက်ကာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့စီမံကိန်းကို မကြာမီ အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းကို မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုမှာ မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနဲ့ ငါးလုပ်ငန်းနဲ့ဆက်စပ်အဆောက်အအုံတွေ တည်ဆောက်ကာ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းစီမံကိန်းနဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment–EIA) လုပ်ငန်း စဉ်တွေကို အများပြည်သူနဲ့ တိုင်ပင်ဆွေးနွေးခြင်း သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်းကို ဒီနေ့ မနက်ပိုင်းက အဆိုပါ ကုမ္ပဏီခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပြီး ဌာနဆိုင်ရာတွေနဲ့ ‌ဒေသခံတွေတက်ရောက်ကြတယ်လို့ သိရပါတယ်။

စီမံကိန်းလုပ်ငန်းရဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေတိုင်းတာမှုတွေ၊ ဇီဝမျိုးစုံ၊ မျိုးကွဲတွေ အခြေအနေ လေ့လာဆန်းစစ်မှု တွေ၊ စီမံကိန်းနဲ့ဆက်နွယ်တဲ့ဒေသတွေက လူမှုစီးပွားအခြေအနေ ဆန်းစစ်မှုတွေကို ဆောင်ရွက်ထားရှိပြီးဖြစ်ကာ ဒီနေ့မှာတော့ စီမံကိန်းရဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ရဲ့ သတင်းအချက်အလက်တွေအပေါ် အများပြည်သူနဲ့ တိုင်ပင်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အနေနဲ့ စီမံကိန်းကို အပိုင်း(၄)ပိုင်းခွဲခြားပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကာ စီမံကိန်းဧရိယာအတွင်း ဆိပ်ခံတံတားနဲ့ သယ်ယူပို့ဆောင်ရေးနယ်မြေ၊ စက်မှုလုပ်ငန်းနယ်မြေ၊ ကုန်သွယ်မှုနယ်မြေ၊ အထောက်အကူပြု အသုံးချနယ်မြေ၊ စက်မှုဇုန်ဝန်ဆောင်မှုနယ်မြေနဲ့ စိမ်းလန်းနယ်မြေစတဲ့ နယ်မြေ (၆)ခုသတ်မှတ်ထားရှိပြီး စီမံကိန်းကို မကြာမီ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။