နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင်လုပ်ဆောင်တဲ့ ပဲခူးမြို့ တောင်ကြီးက Facebook အကောင့်ပိုင်ရှင် ၂ ယောက်ကို ဖမ်းဆီးအရေးယူ

(မှုခင်း) ဇန်နဝါရီ ၂၃

နိုင်ငံတော်ရဲ့အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေပြုမူလုပ်ဆောင်ခဲ့ကြတဲ့ ပဲခူးမြို့နယ်နဲ့ တောင်ကြီးမြို့နယ်က Facebook အကောင့်ပိုင်ရှင် ၂ ယောက်ကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့တဘ်လို့ သိရပါတယ်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ CRPH၊ NUG နဲ့ သူတို့ရဲ့ လက်ဝေခံ အဖွဲ့အစည်းတွေ၊ သူတို့နဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့ အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့နဲ့ အစိုးရယန္တရားတွေ ပျက်ပြားစေဖို့ ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေပြုလုပ်ခဲ့မှုအပေါ် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး ခုလို လှုံ့ဆော်သူ၊ ဝါဒဖြန့်သူတွေကို ဆက်လက်ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အသိပေးထုတ်ပြန်ချက်ကို မျက်ကွယ်ပြုပြီး လှုံ့ဆော်၊ ဝါဒဖြန့်တာတွေလုပ်ဆောင်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထုံးကြီးကျေးရွာမှာနေထိုင်တဲ့ “Aung Aung” TikTok အကောင့်ပိုင်ရှင် ပြည့်ဖြိုးပိုင်ကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်မှာဖမ်းဆီးလိုက်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ သစ်တောရပ်ကွက်မှာနေထိုင်တဲ့ “ZarNi Thway” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ ဇာနည်သွေး ကိုတော့ အဲဒီနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှာပဲ သက်ဆိုင်ရာရဲစခန်းအသီးသီးက တရားဥပဒေနဲ့ အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။