လုပ်ငန်းတူပေါ်မှာ စိတ်တူကိုယ်တူ အစုအဖွဲ့နဲ့ လုပ်ကိုင်မယ်ဆိုရင် နိုင်ငံတော်က လိုအပ်တဲ့ ရင်းနှီးမတည်ငွေတွေ အားပေးဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်ယာယီသမ္မတပြော

(ပြည်တွင်း) ဇန်နဝါရီ ၂၀

ထုတ်လုပ်မှုလုပ်ငန်းတွေဆောင်ရွက်ရာမှာ တစ်ဦးချင်း တစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းလုပ်ကိုင်တဲ့ သမဝါယမစနစ်နဲ့လည်း ဆောင်ရွက်နိုင်ပြီး လုပ်ငန်းတူပေါ်မှာ စိတ်တူကိုယ်တူ အစုအဖွဲ့နဲ့ လုပ်ကိုင်မယ် ဆိုပါက နိုင်ငံတော်ကလည်း လိုအပ်တဲ့ရင်းနှီးမတည်ငွေတွေ အားပေးဆောင်ရွက် သွားမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာရှိတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ မြို့မိမြို့ဖတွေကို မြို့တော်ခန်းမမှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို ဆွေးနွေးပြောကြားရာမှာ အခုလိုထည်းသွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မိမိတို့ဒေသနဲ့ကိုက်ညီတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ အခြားထုတ်ကုန်တွေ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားနိုင်ဖို့လိုပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ ဖြစ်ထွန်းနိုင်တဲ့ လုပ်ငန်းတွေအနေနဲ့ ရာဘာလုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ လက်ဖက်လုပ်ငန်းနဲ့ဒေသထွက် အိမ်မိုးအုတ်ကြွပ်ပြားလုပ်ငန်းတွေဖြစ်ကာ ရာဘာစိုက်ပျိုးခြင်းကို အောင်မြင်အောင်ဆောင်ရွက်ကာ ရာဘာကိုအခြေခံတဲ့ ပြည်တွင်းလိုအပ်ချက် ရာဘာထုတ်ကုန်တွေထုတ်လုပ်နိုင်မယ်ဆိုပါက ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအကျိုးဖြစ်စေနိုင်မှာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ကော်ဖီသီးနှံ၊ လက်ဖက်သီးနှံ တွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်သလို ဒေသတွင်းယခင်ကတည်း ကရှိပြီးဖြစ်တဲ့ အိမ်မိုးတဲ့အုတ်ကြွပ်တွေကိုအဆင့်မီထုတ်လုပ်နိုင်ရေး စက်မှုဝန်ကြီးဌာန၊သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့နဲ့ပူးပေါင်းဆောင်ရွက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒေသတွင်းမှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ တိုးတက်လာတာနဲ့အမျှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေဟာလည်း တိုး တက်လာမည်ဖြစ်ပြီး အလုပ်အကိုင်ခွင့်အလမ်းတွေလည်း ပိုမိုဖြစ်ပေါ်လာမှာဖြစ်သလို ဒေသရဲ့ လူမှုစီးပွားဘဝသည်လည်း များစွာပြောင်း လဲတိုးတက်လာနိုင်မှာ ဖြစ်တယ်လို့လည်းပြောပါတယ်။

မိမိတို့အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအရ ပေးထားတဲ့ကတိတွေအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်သွားမှာဖြစ်ပြီး မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေး ဆောင်ရွက်သွားကြရမှာဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေနဲ့ ပညာရေးကို ဆက်လက်အားပေးဆောင်ရွက်သွားကြဖို့လိုသလို မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဒေသတွင်နေထိုင်ကြသူတွေ တာဝန်ထမ်းဆောင်နေကြသူတွေအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ ဒေသတစ်ခုချင်းဖွံ့ဖြိုး တိုးတက်မှုမှတဆင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတကမှာကြားခဲ့တယ်လို့ သိရပါတယ်။