
(ပြည်တွင်း) ဇန်နဝါရီ ၂၀
ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့ရဲ့အမှုနဲ့ပတ်သက်ပြီး ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ပြုလုပ်လျက်ရှိနေပြီး မြန်မာနိုင်ငံရဲ့ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က ဒေသစံတော်ချိန် နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဦးစွာ မြန်မာရဲ့ရှေ့နေ Mr. Sam-Bloom Cooper က အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီတွေအပေါ် လူမျိုးသုဉ်းစေဖို့ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ရွာတွေ အထူးအားဖြင့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာတွေကို စစ်ဆင်ပုံ (pattern of conduct) ကို တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာကစွပ်စွဲမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ချေပပြီး မြန်မာနိုင်ငံရဲ့ ဦးဆောင်ရှေ့နေ Mr.Christopher Staker က ဂမ်ဘီယာနိုင်ငံက ကိုးကားတင်သွင်းထားတဲ့ အခြားအထောက် အထားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချေပခဲ့တယ်လို့ သိရပါတယ်။